Monday, October 22, 2012

ဆပ်ကပ်



လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ
အကောင်းဆုံးအစိတ်အပိုင်းဆိုတာ
မကြီးကျယ်တဲ့၊အမည်မဖော်တဲ့၊အမှတ်တရပြုမနေတဲ့
အကြင်နာ၊မေတ္တာအပြုအမူလေးများပါ။
ဝီလျံဝါ့ဒ်စဝပ်                      

ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေနှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ် တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီးသည့် နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ ကြားမှာ မိသားစုတစ်ခုသာကျန်လေသည်။
သည်မိသားစုကိုကြည့်ပြီး ကျွန်တော် သဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက်ပါသည်။ တစ်ယောက်မျှ ၁၂ နှစ် ပြည့်သေးပုံမရ။ သူတို့အသွင်အပြင်တွေ ကြည့်ရုံဖြင့်ပင် ငွေကြေးပြည့်ပြည့်စုံထဲက မဟုတ်ကြောင်း သိနိုင်သည်။ အ၀တ်အစားတွေက အဖိုးတန်ထဲကမဟုတ်။ သို့သော် သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေက အမူအရာ ယဉ်ကျေးသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီး တန်းစီနေကြသည်။ သို့သော် နှုတ်ကမူ ညဘက်တွင် သူတို့ကြည့်ရမည့် ဆပ်ကပ်လူပြက်များ၊ ဆင်လိမ္မာများနှင့် အခြားပြကွက်များအကြောင်းကို အားတက်သရော ပြောဆိုနေကြသည်။ သူတို့လေးတွေခမြာ ဆပ်ကပ်ပွဲ တစ်ခါမျှ ကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို့ဘ၀မှာ တကယ့်အမှတ်တရည်ဖြစ်တော့မည့်ပုံမျိုး။
အဖေနှင့်အမေက အုပ်စုထိပ်မှာ ၀မ်းမြောက်ဂုဏ်ယူသည့် အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေးတွေ၏မိခင်က ခင်ပွန်းသည်၏ လက်ကိုကိုင်လျက် သူ့မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်နေပုံမှာ “မေ့ချစ်သူ လူစွမ်းကောင်းကြီး” ဟု နှုတ်ခွန်းဆက်နေဘိသည့်အလား အထင်ကြီးမှု၊ လေးစားမှုလက္ခဏာတွေ အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း “အားကိုးစမ်းပါ အချစ်ရယ်” ဟု ခွန်းတုန့်ပြန်နေသည့်နှယ် ဂုဏ်ယူသောအပြုံးနှင့် ချစ်ကြည်နူးစွာ ကြည့်သည်။
သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေလုပ်သူအား လက်မှတ် ဘယ်နှစ်စောင်ယူမလဲ လှမ်းမေးသည်။ “ကျွန်တော် ကလေးလက်မှတ် ရှစ်စောင်နဲ့ လူကြီးလက်မှတ် နှစ်စောင် လိုချင်ပါတယ်။ အဲဒါမှ ကျွန်တော်တို့မိသားတစ်စုလုံးလာလို့ရမှာ”သူကတက်တက်ကြွကြွပင်ဖြေသည်။အမျိုးသမီးက လက်မှတ်ခနှုန်းထားများ လှမ်းပြောသည်။ဇနီးသည်က သူ့ခင်ပွန်းလက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်း ငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာသည်။ သူ ရှေ့သို့အနည်းငယ်တိုးကာ “ဘယ်လောက်ဗျာ” ဟူ၍မေးသည်။
လက်မှတ်ရောင်းသောအမျိုးသမီးကဈေးနှုန်းတွေထပ်ပြောသည်။ အဖေလုပ်သူမှာပိုက်ဆံအလုံအလောက်မပါ။သို့သော်သည်အချိန်ကျမှသူနောက်လှည့်ကာကလေးတွေကို အဖေ့မှာ ပိုက်ဆံ အလုံအလောက် မပါလို့သည်ညဆပ်ကပ်ကြည့်နိုင်မှာ မဟုတ်ဘူးဟု သူဘယ်သို့ ပြောထွက် နိုင်ပါမည်နည်း။
ဖြစ်ပျက်ပုံ အလုံးစုံကိုမြင်ကာ ကျွန်တော့်အဖေ အင်္ကျီအိတ်ထဲ လက်နှိုက်သည်။ ဒေါ်လာ ၂၀ တန် တစ်ရွက် ထုတ်လာပြီးနောက် မြေကြီးပေါ် အသာပစ်ချသည်။ (ကျွန်တော်တို့လည်း ချမ်းသာသူများ မဟုတ်ကြောင်း ကြားဖြတ် ပြောလိုပါသည်။) ထို့နောက် အဖေပဲ သည်ပိုက်ဆံကို ပြန်ကောက်ကာ ကလေးများဖခင်ပခုံးကို သွားပုတ်ပြီး ပြောသည်။“ဒီမှာခင်ဗျ၊စောစောကခင်ဗျားအိတ်ထဲကထွက်ကျသွားတယ်”အဖေ ဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာ နားလည်လိုက်ပါသည်။ ဘယ်သူ့ဆီမှာမှ သူ လက်ဖြန့် တောင်းခံခဲ့သည်တော့မဟုတ်။ သို့သော် သည်လို အသည်းအသန် အရေးတကြီးအချိန်၊ ဖခင်တစ်ယောက်အနေနှင့် အရှက်ကြီး ရှက်ရမည့်အဖြစ်မျိုး ကြုံရအံ့ဆဲဆဲ အချိန်တွင် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် အကူအညီအတွက် သူတကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။ အဖေ့မျက်လုံးအစုံကို သူ စူးစိုက်၍ ကြည့်သည်။

ဒေါ်လာ ၂၀ တန် ကိုင်ထားသော အဖေ့လက်ကို သူ့လက်နှစ်ဖက်နှင့် ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သောနှုတ်ခမ်းများဖြင့်ကျေးဇူးတင်စကားဆိုသည်။“ကျေးဇူးတင်ပါတယ်ဗျာ၊ တကယ့်ကို ကျေးဇူးပါပဲ၊ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူးခင်ဗျာ” သည်လိုပြောရင်း သူ့ပါးပြင်ပေါ် မျက်ရည်တစ်ပေါက်လိမ့်ဆင်းကျသွားသည်။
အဖေနှင့်ကျွန်တော် ကားဆီသို့ လှည့်ပြန်ကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ အဲသည်ည ဆပ်ကပ်ပွဲသို့ ကျွန်တော်တို့မသွားကြပါ။သို့သော်သည်ညသည်အချည်းနှီးညတော့လုံးဝမဟုတ်ခဲ့။
[မူရင်း။ ။ Dan Clark ၏ The Circus] (ဖေမြင့် ဘာသာပြန်သည်)

No comments: