Monday, October 22, 2012

ညီအစ်ကိုနှစ်ယောက်



                        မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်။ တစ်ယောက်က အိမ်ထောင်သည်။သူ့မိသားစုကကြီးသည်။နောက်တစ်ယောက်ကလူပျိုလူလွတ်။
                        တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက် သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက်ညီတူညီမျှခွဲဝေယူကြသည်။
                        တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမား စဉ်းစားသည်။ “လယ်ယာထွက် သီးနှံတွေ အကျိုးအမြတ် တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး၊ ငါက တစ်ယောက်တည်းသမား၊ ငါ့လိုအပ်ချက်က နည်းနည်းလေး” သည်လိုတွေးကာ ညစဉ်ညတိုင်း သူ့စပါးကျီမှ စပါးတစ်အိတ်စီထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်ကစပါးကျီထဲသွားထည့်သည်။
                        သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်။ “သီးနှံတွေ ၀င်ငွေတွေကို ညီတူညီမျှ ဝေယူနေကြတာ မမှန်ဘူး။ ငါက အိမ်ထောင်သည်၊ ငါ့မှာ အသက်ကြီးတဲ့အချိန် ပြုစုစောင့်ရှောက်ဖို့ မိန်းမ ရှိတယ်၊ သားထောက်သမီးခံ ရှိတယ်၊ ငါ့ညီမှာက တစ်ယောက်တည်း၊ မမာရေး မကျန်းရေးဆိုလျှင် စောင့်ရှောက်မယ့်သူ မရှိဘူး” ဟူ၍တွေးကာညတိုင်းစပါးတစ်အိတ်စီထမ်းပြီးသူ့ညီစပါးကျီထဲသွားထည့်သည်။
                        သည်လိုနှင့် နှစ်ချီ၍ ကြာလာသည်။ ကိုယ့်ကျီထဲက စပါးတွေ ညစဉ်ထုတ်ယူနေပါလျက် လျော့နည်းသွားခြင်းမရှိသည်ကိုနှစ်ယောက်လုံးပင်စဉ်းစားမရဖြစ်နေကြသည်။
                        သို့သော် မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကိုနှစ်ယောက် ၀င်တိုက်မိကြသည်။ သည်တော့မှပင်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာဖြစ်ပျက်နေပုံအလုံးစုံကိုနှစ်ဦးသားသိမြင်သွားကြသည်။
                        စပါးအိတ်တွေကို ပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ထားလိုက်မိကြလေသည်။

[မူရင်း။ ။ More Sower’s Seeds စာအုပ်မှ အမည်မသိစာရေးသူ၏ Two Brothers] (ဖေမြင့် ဘာသာပြန်သည်။)

No comments: