Friday, August 30, 2013

ကလေးသေနှုန်း ကျဆင်းရေးနှင့် တိုင်းရင်းဆေးပညာ

မိခင် သေနှုန်း၊ မွေးကင်းစ ကလေး သေနှုန်း၊ တစ်နှစ်အောက် ကလေးသေနှုန်း၊ ငါးနှစ်အောက် ကလေး သေနှုန်း များသည် နိုင်ငံတော် အတွက် အရေးကြီးပြီး အခြေခံ ကျသော စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ အညွှန်းကိန်းများ ဖြစ်ကြသည်။ ထို့အတွက် နိုင်ငံတော်မှ တိကျသော စီမံကိန်းများ ချမှတ်၍ ဆောင်ရွက် လုပ်ကိုင် မှုကြောင့် မိခင်နှင့်ကလေး ကျန်းမာရေး ကဏ္ဍတွင် သိသာထင် ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။ “မြန်မာနိုင်ငံ ကလေးများ ကျန်းမာ ဖွံ့ဖြိုးရေး မူဝါဒ” (မူကြမ်း) တစ်ရပ်ကို
၂၀၀၄ ခုနှစ်တွင် ရေးဆွဲ အကောင် ထည်ဖော်နိုင် ခဲ့သဖြင့် မွေးကင်းစ ကလေး အပါအဝင် ကလေးကျန်းမာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုပီပြင် ခဲ့ပါသည်။ နိုင်ငံတော် အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကလေး သေနှုန်းကို ၃ပုံ ၂ပုံ လျှော့ချနိုင်ရေး အတွက် ရည်မှန်းချက် ထား၍ ဆောင်ရွက် အကောင်အထည် ဖော်လျှက် ရှိပါသည်။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ရိုးရာ တိုင်းရင်းဆေးဖြင့် ကလေးသူငယ် ကျန်းမာရေး ကို စောင့်ရှောက်၍ တိုင်းပြည် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ခဲ့ သည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ တိုင်းရင်းဆေး ပညာဖြင့် ကလေးသူငယ်များ အား ပြုစု စောင့်ရှောက်မှု တို့သည် ရှေး ဘုရင်များ လက်ထက်တွင်လည်းကောင်း၊ ခေတ် အဆက်ဆက်တွင် လည်းကောင်း ရှိခဲ့ကြောင်း သက်သေ အထောက်အထား များစွာ တွေ့ရှိ ရပါသည်။ ဆရာခဲ၊ ဆရာညို၊ ဒေါ်အေး၊ ဦးစံတင့်၊ ဦးလှဘော်၊ ဦးအောင်ကြီး၊ ဒေါ်ခင်တိုးဝေ စသည့် သူငယ်နာရောဂါ ကုသရာ တွင် ကျွမ်းကျင် ကျော်ဇောသော ဆရာပေါင်း များစွာလည်း ခေတ်အဆက် ဆက်တွင် ပေါ်ထွက်ခဲ့ပါသည်။ အချိန် ကာလပြောင်းလဲ လာသည်နှင့် အမျှ မြန်မာ့ တိုင်းရင်း ဆေးပညာ ဖွံ့ဖြိုး တိုးတက်မှု သည်လည်း ပြောင်းလဲ တိုးတက် လျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကလေးရောဂါ ပညာဌာန ဖွင့်လှစ်ထားရှိကာ ကလေး သူငယ် ကျန်းမာရေးကို စောင့်ရှောက် ကုသနိုင်စွမ်းသော တိုင်းရင်း ဆေး ဆရာများကို မွေးထုတ်လျက်ရှိပါသည်။ ဤစာတမ်းကို ရေးသားခြင်း အားဖြင့် နိုင်ငံတော်မှ ရည်မှန်းချက် ထားသော ၂၀၁၅ ခုနှစ်တွင် ကလေးသေ ဆုံးမှု နှုန်းကို ၃ ပုံ ၂ ပုံ လျှော့ချနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်မှုတွင် တိုင်းရင်းဆေး ပညာရှင်များ အနေနှင့် မိမိတို့ တက်စွမ်းသမျှ ပါဝင်ဆောင်ရွက်ပြီး နိုင်ငံတော်မှ တိုင်းရင်းဆေး ပညာရှင်များ အပေါ်တွင် မျှော်လင့်ချက် ထားသော “အမျိုးသား ကျန်းမာရေး မူဝါဒနှင့် အညီ” အမျိုးသား ကျန်းမာရေး စီမံကိန်းတွင် ပါဝင်သော ပြည်သူ့ ကျန်းမာရေး စီမံချက်များတွင် မိမိတို့ တက်ကျွမ်းသော တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေး လုပ်ငန်းများ ပါဝင်ဆောင်ရွက် နိုင်ရန် ဟူသော ရည်ရွယ်ချက်ကို အထောက်အကူ ပြုနိုင်မည်ဟု မျှော်လင့်ပါသည်။

ရည်ရွယ်ချက်

ယေဘူယျရည်ရွယ်ချက် - မြန်မာနိုင်ငံတွင် မွေးကင်းစ ကလေးသေနှုန်း လျော့ချရာ၌ တိုင်းရင်းဆေး ပညာရှင်များ အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်ဝိသေသရည်ရွယ်ချက်
၁။ကလေးသေနှုန်းများသော ရောဂါများကို သိရှိနိုင်စေရန်
၂။မွေးကင်းစ ကလေးသေနှုန်း များစေသော ရောဂါများကို ကာကွယ်နည်း၊ ပြုစုစောင့်ရှောက်နည်းတို့ကို သိရှိကျင့်သုံးနိုင်ရန်
၃။မွေးကင်းစ ကလေးသေနှုန်းများသော ရောဂါများတွင် ဆေးရုံသို့ ညွှန်းပို့ပေးသင့်သော အခြေအနေများကို သိရှိကျင့်သုံးနိုင်ရန်
၄။ကလေးသေနှုန်း လျော့ချရာတွင် တိုင်းရင်းဆေး ပညာရှင်များ အနေဖြင့် ပါဝင် ဆောင်ရွက်ပြီး နိုင်ငံတော်၏ ကျန်းမာရေး မျှော်မှန်းချက်ကို အထောက်အကူ ပြုစေရန်

-မွေးစကလေး သေနှုန်းများသော ရောဂါများ
-လမစေ့ ပေါင်မပြည့် ကလေးမွေးခြင်း
-ရေမွမ်းခြင်း
-မွေးစကလေး ပိုးဝင်ခြင်း
လမပြည့် ပေါင်မပြည့် ကလေး
လမစေ့
-၃၇ ပတ်အောက် (၉လအောက်) (LBW)
ပေါင်မပြည့်
-၂၅၀၀ ဂရမ်အောက် (LBW)
-၁၅၀၀ ဂရမ်အောက် (ELBW)
-လမပြည့်ခြင်းနှင့် ပေါင်မပြည့်ခြင်းမှာ ဆက်စပ်
-မိခင်တစ်ဦး အနေဖြင့် ကိုယ်ဝန်ဆောင်စဉ် ကောင်းမွန်စွာ စားသောက်ပြီး ကျန်းမာအောင် နေထိုင်ပါက လမစေ့ ပေါင်မပြည့် ကလေးမွေးဖွားရန် အခွင့်အလမ်း လွန်စွာနည်းပါးသည်။
လမစေ့ ပေါင်မပြည့် ကလေးမွေးနိုင်သော အခြေအနေ၊ ဖြစ်ကြောင်းများ
-မိခင်အသက် ၂၀ အောက်ဖြစ်ခြင်း
-ကိုယ်ဝန်ဆောင်ချိန် ၃ နှစ်မခြားဘဲ ကလေးနီးခြင်း
-ကလေးများခြင်း
-ယခင်လမစေ့၊ ပေါင်မပြည့် ကလေးမွေးဖူးခြင်း
-ကိုယ်ဝန်ဆောင်စဉ် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရခြင်း
-နာရီများစွာ အနားမရဘဲ အလုပ်လုပ်ခြင်း
-ဆင်းရဲခြင်း
-မိခင်ပိန်ပြီး ကိုယ်အလေးချိန်နည်းကာ အဟာရ ချို့တဲ့ခြင်း
-မိခင်တွင် အခြားကျန်းမာရေး ပြဿနာများ ရှိခြင်း (ဥပမာ-သွေးတိုး)
-အမြွှာကိုယ်ဝန်
-ဆေးလိပ်သောက်ခြင်း
-မူမမှန်သော မွေးပိုင်းနှင့် ဦးတိုက်ခြင်း

လက္ခဏာများ

-မွေးကင်းစကလေးသည် (၂၅၀၀) ဂရမ်အောက် အလေးချိန် လျော့နည်းခြင်း
-၃၇ ပတ် မပြည့်မီမွေးခြင်း
-ကြွက်သားများ လျော့တွဲ အားနည်းခြင်း
-အရေပြားအောက် အဆီပြင် အနည်းငယ်သာရှိခြင်း
-အရေပြား နီရဲနေခြင်း
-တခါတရံ အမွှေးနုများ တစ်ကိုယ်လုံး ဖုံးလွှမ်းနေခြင်း

ပြုစုစောင့်ရှောက်ခြင်း

-ခြောက်သွေ့စွာ ထားခြင်း
-နွေးထွေးစွာ ထားခြင်း
-မိခင်နှင့် ကလေး အသားချင်း ထိကပ်ထားခြင်း

ဆေးရုံသို့ ညွှန်းပို့သင့်သည့် အခြေအနေ

-ကလေး အသက်ရှု ခက်ခဲခြင်း
-ရောဂါပိုးဝင်သော လက္ခဏာများကို တွေ့ရခြင်း၊ အသားဝါပြင်းထန်ခြင်း
-ကိုယ်အလေးချိန် (၁၅၀၀) ဂရမ်အောက် နည်းပါးခြင်း

မွေးကင်းစကလေး ရေမွမ်းခြင်း

-ကလေးသည် မွေးပြီး စက္ကန့် (၃၀)အတွင်း အသက်ရှုနိုင်ခြင်း မရှိ
-မွေးမွေးပြီးချင်း ကလေးငယ်မှာ လုံလောက်သော အသက်ရှုခြင်းကို စတင်နိုင်ခြင်း မရှိလျှင်သော်လည်းကောင်း၊ ဆက်လက် ထိန်းသိမ်းနိုင်စွမ်း မရှိလျှင်သော် လည်းကောင်း၊ အသက်ရှု မွန်းခြင်းဖြစ်၊ အသက်ရှုကြပ်မွမ်းခြင်း အောက်ဆီဂျင် အလုံအလောက် မရခြင်း

ကလေးရေမွမ်းခြင်း ဖြစ်စေနိုင်သော အခြေအနေ၊ ဖြစ်ကြောင်းများ

-ရုတ်တရက် ဝမ်းနာပြီး မွေးခြင်း
-ဝမ်းကြာရှည်စွာနာခြင်း
-အချင်း မဖွံ့ဖြိုးခြင်း
-ကိုယ်ဝန် အဆိပ်တက်ခြင်း
-ရက်လွန်ခြင်း
-သန္ဓေသား ညှက်ခြင်း
-လမစေ့မွေးခြင်း၊ အမြွှာပူးမွေးခြင်း
-မိခင်သွေးအားနည်းခြင်း၊ မမွေးမီသွေးသွန်ခြင်း
-မိခင်တွင်ဆီးချိုရောဂါရှိခြင်း၊ ရေမြွှာစောစီးစွာပေါက်ခြင်း
-ရေမြွှာများခြင်း၊ ရောဂါပိုးဝင်ခြင်း
-မိခင်ဖခင်တွင် ပန်းနာရင်ကြပ်ရှိခြင်း
-ငယ်ချေးများကို အဆုပ်အတွင်ဝင်ရောက်အောင် ရှုသွင်းမိခြင်း
-ခက်ခဲစွာ မွေးဖွားရခြင်း
-ကိရိယာအကူအညီဖြင့် မွေးဖွားရခြင်း
-ချက်ကြိုးတွင် ပြဿနာရှိခြင်း

လက္ခဏာများ

-မွေးကင်းစကလေး နှလုံးခုန်သံ ၁၀၀ အောက်နှင့် ၁၈၀ အထက်ဖြစ်နေခြင်း
-ရေမြွှာတွင် ငယ်ချေးရောပါ၍ အရောင်စိမ်းခြင်း
-စက္ကန့် ၃၀ အတွင်း အသက်မရှုနိုင်ခြင်း
-မွေးကင်းစကလေး နှလုံးခုန်သံ မူမမှန်ခြင်း၊ မြန်ခြင်း၊ နှေးခြင်း
-ကလေးမှာ ပြာခြင်း

ပြုစုစောင့်ရှောက်ခြင်း

-အသက် ရှုနိုင်ရန် ကူညီ လုပ်ဆောင်ပေးခြင်း (အသက်ရှု လမ်းကြောင်း ရှင်းပေးခြင်း၊ လေဝင် လေ ထွက် ကောင်းစေ ရန် ပြု လုပ်ပေးခြင်း)
-ရေမြွှာရည်နှင့် ငယ်ချေးများကို ပါစပ် နှာခေါင်းမှ ကိရိယာဖြင့် စုပ် ထုတ်ပေးခြင်း
-ကလေးအသက်ရှု ခက်ခဲမှု ပြင်းထန်ပါက ဆေးရုံသို့ ညွှန်းပို့ရန် ဆုံးဖြတ်ခြင်း

ပြင်းထန်ပါက ဆေးရုံသို့ ညွှန်းပို့ရန် ဆုံးဖြတ်ခြင်းဆေးရုံသို့

-အသက်ရှုသွင်းလျှင် အသံကြားနေရခြင်း
-၁ မိနစ်လျှင် ၃၀ ကြိမ်အောက်နည်း၍ အသက်ရှုခြင်း
-အသက်ရှုစဉ် နံရိုးကြွက်သားချိုင့်ဝင်ခြင်း/ ရင်ညွန့်ချိုင့်ခြင်း
-အသက်ရှုထုတ်သောအခါ ညည်းသံကြားရခြင်း
-တိမ်ပြီး စည်းချက်မမှန်သော အသက်ရှုခြင်း
-လုံလောက်သော အသက်ရှုခြင်းကို ဆက်ပြီး မထိန်းသိမ်းနိုင်ခြင်း
-၁ မိနစ်လျှင် အကြိမ် ၆၀ ထက်အသက်ရှုခြင်း
-ကလေးလျှာနှင့် နှုတ်ခမ်းပြာခြင်း
-တစ်ကိုယ်လုံး ဖြူဖျော့ပြာနှမ်းခြင်း

မွေးစကလေး ပိုးဝင်ခြင်း

-မမွေးဖွားမီ မွေးဖွားစဉ်နှင့် မွေးဖွားပြီး အချိန်မရွေးဖြစ်နိုင်
-မွေးစကလေး ပိုးဝင်ခြင်းသည် လွန်စွာကျယ်ပြန့်
-မျက်စိ၊ ချက်တိုင်၊ အရေပြား၊ ပါးစပ်နှင့် အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ အဆုတ်နှင့် အသက်ရှု လမ်းကြောင်းများတွင် ပိုးဝင်တက်ပါသည်။

ဖြစ်နိုင်သော အခြေအနေနှင့် ဖြစ်ကြောင်းတရားများ

-မိခင်မွေးလမ်းကြောင်း မသန့်ရှင်းခြင်း
-မိခင်တွင် ကူးစက်ရောဂါပိုး ရှိနေခြင်း
-ချက်ကြိုးကိုင်တွယ်ရာတွင် မသန့်ရှင်းခြင်း
-မိခင်နို့သီးနှင့် နို့ဗူးတိုက်ရာတွင် မသန့်ရှင်းခြင်း
-ကလေးအနှီးအဝတ် မသန့်ရှင်းခြင်း
-မိခင် ပြုစုစောင့်ရှောက်သူတို့မှ တဆင့် ကူးစက်ခြင်း (အကြောင်းတရား အခြေအနေများစွာ)

ရောဂါလက္ခဏာနှင့် ဆေးရုံသို့ ညွှန်းပို့သင့်သော အခြေအနေများ

-မျက်ဝတ်မှာ ပြည်အဖြစ်တည်လာခြင်း
-အဖျားကြီးခြင်း
-ပြင်းထန်သော ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း
-အသက်ရှုလျှင် နံရိုးချိုင့်ခြင်း၊ ရင်ညွန့်ချိုင့်ခြင်း
-ချက်တိုင်နှင့် ပတ်ဝန်းကျင် နီရဲတင်းမာခြင်း
-မေးခိုင်ခြင်း
-ကလေးနို့တင်းရောင်ခြင်း
-ပြင်းထန်သော အရေပြားပိုးဝင်ခြင်း၊ အနာဖြစ်ခြင်း
-မွေးကင်းစကလေး ပိုးဝင်ခြင်း၊ လမစေ့ ပေါင်မပြည့်မွေးခြင်း
-မွေးဖွားစဉ်ရေမွမ်းခြင်းများမှာ မိခင်၏ ကံ၊ စိတ်၊ ဥတု အပေါ်တွင် များစွာတည်မှီသည်။
-မိခင်ဖြစ်သူသည် ပဋိသန္ဓေ ဆောင်စဉ်ကာလတွင် ကံ စိတ် ဥတု အာဟာရ မှန်သမျှကို မှန်ကန်စွာ ကျင့်သုံးမည်ဆိုပါက သန္ဓေသားတွင်လည်း ဓါတ်ကြီး (၅)ပါး ညီညွတ်မျှတကာ ကျန်းမာသန်စွမ်းသော ကလေးများ မွေးဖွားပြီး ကလေးသေနှုန်း ကျဆင်းစေမည် ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ရှောင်ကျဉ်ရန်

-ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ
-အားကစားလုပ်ခြင်းများ
-အရက်သေစာ သောက်စားခြင်း
-အအိပ်ပျက်ခံခြင်း
-အပျော်အပါးများခြင်း
-ဆေးလိပ်သောက်ခြင်း
-ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်စဉ် လိုက်နာရန်

-ငါးပါးသီလဆောက်တည်ခြင်း
-သန္ဓေသားအား မေတ္တာပို့ခြင်း
-သရဏဂုံဆောက်တည်ခြင်း
-ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း
-သတ္တဝါများအား မေတ္တာပို့ခြင်း
-တစ်ကိုယ်ရေ သန့်ရှင်းခြင်း
-မီးဖွားရန် အခန်းကိုလည်း စနစ်တကျ သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားရှိခြင်း
-မိသားစု စီမံကိန်း ထားရှိရန်
-ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးဌာနများတွင် ပြသ၍ စောင့်ရှောက်မှုကို ခံယူပါ
-ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ် တစ်ကိုယ်ရည် သန့်ရှင်းခြင်းနှင့် အသုံးအဆောင် သန့်ရှင်းရေးကို ဆောင်ရွက်ပါ။

နိဂုံး

ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြန်မာနိုင်ငံ၏ အနာဂတ် သည် မျိုးဆက်သစ် ကလေးငယ် များ၏ ကျန်းမာရေးနှင့် ဆက်စပ်လျက်ရှိပေရာ တိုင်းရင်းဆေး ပညာရှင်များ အနေနှင့် ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှုတွင် ပါဝင်ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။မွေးကင်းစ ကလေးသေနှုန်း များသော ရောဂါများကို တိုင်းရင်းဆေး ပညာဖြင့် ကာကွယ်ခြင်းများ၊ ကျန်းမာရေး ပညာပေးခြင်းများ ပြုလုပ်ပြီး ထိုရောဂါများကို တွေ့ရှိ ပါက ပြုစုကုသပေးခြင်း၊ ဆေးရုံသို့ ညွှန်းပို့ သင့်သော အခြေအနေများတွင် အချိန်မှီ လွှဲပြောင်းပေးခြင်း တို့ဖြင့် နိုင်ငံတော်၏ မွေးစကလေး သေနှုန်းလျော့ ချရေး ဆောင်ရွက်ရာတွင် တိုင်းရင်းဆေး ပညာရှင်များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် ရေးသား တင်ပြအပ်ပါသည်။

ကျေးဇူးတင်လွှာ

CTME အစီအစဉ် ဖြစ်မြောက်ရေးအတွက် စီစဉ်ပေးသော တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်ကြီး နှင့်တကွ ဒုတိယ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေး တက္ကသိုလ် MEU ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်းခွဲ (မန္တလေးတိုင်းဒေသကြီး) ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ အဖက်ဖက်မှ ကူညီအားပေး သူများနှင့် CTME အား ပံ့ပိုးကူညီပေးသော ဒေါ်ခင်အုန်းမြင့် ပဉ္စရူပဆေးတိုက်တို့အား အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ ဒေါ်ဝင်းယုအောင်(နည်းပြ)၊ ဦးသန်းအုန်း(ကထိက/ဌာနမှူး၊ ကလေးရောဂါ ပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်)

No comments: