Thursday, January 3, 2013

ကနဖော့ပင်


အသုံးဝင်ပုံ-
အရွက်
၁။ အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့် ဦးနှောက် ပူခြင်းကို အေးစေသည်။ အရေပြားနှင့် အကြောရောဂါများ အတွက်လည်း သုံးသည်။
 
၂။ အရွက်ရည်ကို နွားနို့နှင့် ဖြစ်စေ ၊ ဆိတ်နို့နှင့် ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။

ပဉ္စငါးပါး
၁။ ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း ၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက်၏။
 
၂။ ကနဖော့ ပဉ္စငါးပါးရည် အနည်းငယ်မျှ သောက်သော် ကျောက်ဖြူပေါက်သောရောဂါ ၊ အရေပြားရောဂါ ၊ ခြင်ဆီကို တိုးသောရောဂါများ ပျောက်ကင်း၏။
 
၃။ကနဖော့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။
 
၄။ ကနဖော့ တစ်ပင်လုံးအား ဆန်ဆေးရည် ၊ မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်း အားနည်း သောရောဂါကို ပျောက်ကင်းစေ၏။

မြင်းခွာပင်


အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏ ။
 
၂ ။ မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။

၃ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏။
 
၄ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏ ၊ ဝမ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။
 
၅ ။ အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။
 
၆ ။ ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။
 
၇ ။ သွေးဝမ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏ ။
 
၈ ။မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။
 
၉။ မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။
 
၁၀။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။
 
၁၁ ။ မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အဝတ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏ ။
 
၁၂ ။ မြင်းခွာရွက် ကို အရိပ်ထဲ တွင် အခြောက်ခံပြီး အမှုန့်ကြိတ် ၍ ပျားရည်နှင့် ဆတူ စပ်ပြီး ညအိပ်ရာ ဝင် ချိန် တွင် လျက်သော် နှစ်ခြိုက် စွာ အိပ်ပျော် စေ၏ ။

ကျီးအာပင်


အသုံးဝင်ပုံ-
အသီး
၁ ။ ကျီးအာသီးကိုကြိတ်၍ အုန်းဆီနှင့် ရောကျိုပြီး ခပ်နွေးနွေး ထည့်ပေးက နားကိုက်နာနှင့် နှာခေါင်းတွင် ဖြစ်သောအနာများကို ပျောက်စေသည်။ နှာပုပ်ရောဂါတွင်နှာခေါင်း ထဲသို့ ယင်းဆီကိုအစက်လိုက် ထည့်ပေးရ၏ ။
 
၂ ။ ၎င်းအသီးခြောက်ကို ချေး၍ ဆေးလိပ် ၊ ဆေးတံတွင် ထည့်သောက်ခဲ့သော် ပန်းနာ၊ ရင်ကျပ်ရောဂါပျောက်ကင်း၏ ။

၃ ။ အသီးကို လည်ချောင်းရောဂါ ၊ အစာမကြေရောဂါ ၊ ချောင်းဆိုးရောဂါ ၊ ကုဋ္ဌနူနာရောဂါ ၊ နာတာရှည် ရောဂါ ၊ အစာအိမ်နှင့် စပ်လျဉ်းသောရောဂါများ အတွက် အသုံးပြုသည်။
 
အမြစ်
၁ ။ ကျီးအာမြစ်ကို သွေး၍ လျှာတွင် ပွတ်ပေးလျှင်တစ်ခဏချင်းပင် သလိပ်ကို ကြေစေ၏ ။ အမြစ်သက်သက် အမှုန့်ကို ထိပ်ကပ်နာ ရောဂါ၌ ရှူရ၏ ။
 
၂ ။ အမြစ်ဥကိုပြုတ်၍ ပျားရည်နှင့် သောက်က ဆီးအောင့် နာ ပျောက်၏ ။

ကျွန်းပင်


အသုံးပြုပုံ-
အခေါက်
၁ ။ ကျွန်းခေါက် တစ်ညလုံး စိမ်ထားသော စိမ်ရည်ကို သောက်သော် မီးယပ်ဖြူဆင်းသောရောဂါ ပျောက်၏။
 
၂ ။ကျွန်းခေါက်မှုန့်ကို ရေနွေးနှင့် အတန်ကြာ စိမ်သောက်သော် အဆက်မပြတ်သွားသော ဝမ်းသွားရောဂါပျောက်၏ ။

အသား
၁ ။ ကျွန်းသားကို သွေးလူးသော် သည်း ခြေကြောင့်ဖြစ်သော အဖောအရောင် ပျောက်၏ ။
 
၂ ။ ကျွန်းသားကို သီဟိုဠ် သရက်စေ့အခွံ ဆီနှင့် သွေးလိမ်း သော် အပူနှင့် ယှဉ်၍ ဖြစ်သော ရောင်ရမ်းခြင်းများ ပျောက်၏ ။
 
၃ ။ ကျွန်းသား မီးသွေးကို ထမင်းရည်နှင့် သွေး၍ မကြာခဏ လိမ်းပေးသော် ရေယုန်နာပျောက်၏ ။
 
အသီး
၁ ။ အသီးကို ဆီနှင့် သွေးလိမ်းသော် ယားနာ ပျောက်၏ ။
 
၂ ။ အသီးကို ညက်အောင် ကြိတ်၍ အနာအုံဆေးကဲ့သို့ ချက်၌ အုံ၍ စည်းထားသော် ဆီးချုပ်ရောဂါ ပျောက်၏ ။
 
၃ ။ အသီးကို ဆန်ဆေးရည်နှင့် သွေးလိမ်းသော် နို့ချောင်း ပိတ်ရောဂါပျောက်၏။

ကြံဟင်းပင်


အသုံးပြုပုံ-
အပင်
၁ ။ အညွန့်ကို ကြက်ရိုးနှင့်သော် လည်းကောင်း ၊ တင်ကျီးရိုးနှင့် သော် လည်းကောင်း ဟင်းချိုချက်သောက်ပါက ဆီးအောင့် ဆီးချုပ်ရောဂါနှင့် အခြား ဆီးနှင့် ပတ်သက်သောရောဂါများ ပျောက်၏ ။ အေးအောင်ပြုသော ဆေးဘက်တွင် အကောင်းဆုံးဖြစ်သည်။
 
၂ ။ ကျောက်တည် ရောဂါ အတွက် ယင်းကြိတ်ညှစ်ရည် ကို နွားနို့ သကြားနှင့်ရော၍ သောက်ရ၏။ 

၃ ။ မျက်စိရောဂါနှင့် လေနာ ၊ ရင်ဘတ်နာရောဂါအတွက် လည်း ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။
 
အမြစ်
၁ ။ ဝမ်းသက်ဆေးအဖြစ် အမြစ်ခေါက်ကို ကြိတ်၍ နို့နှင့် သောက်ရ၏ ။
 
၂ ။ နူနာ ၊ ဖျဉ်းစွဲနာ ၊ ဒူလာရောဂါများအတွက် ချင်း ၊ ငရုတ်ကောင်း တို့နှင့်ဆေးဖော်စပ်၍ စားသုံးရ၏။

မုရားကြီးပင်



အသုံးပြုပုံ-
အပွင့် အရွက်
၁ ။ အပွင့် နှင့် တကွ အရွက်ကို ကြွေဇွန်း ကြီး တစ်ဇွန်း ခန့် အရည်ညှစ် ၍ သကြားခဲ သို့မဟုတ် ပျားရည် သင့် တော်ရုံ ထည့်သောက် ခြင်းဖြင့် သည်းခြေဖျား နှင့် သွေးအန် ၊ သွေးကျ ရောဂါ ပျောက်၏ ။
  
၂ ။ ကြစုသီး ကို မုရားကြီး ရွက်ညှစ်ရည် နှင့် စိမ်၍ တစ်ခွက် စာ ကြွေဇွန်း ကြီး ၃ ဇွန်း မျှ သောက်က သွေးအန် သွေးကျ ရောဂါ ပျောက်၏။

၃ ။ မုရားကြီး ရွက် ကို သုံးခွက် တစ်ခွက် တင် ကျို၍ ဆေးတစ်ခွက် စာ ကြွေးဇွန်း ကြီး ၃ ဇွန်းမျှ သောက်က ဆီးအောင့် ရောဂါ ပျောက်၏ ။
 
၄ ။ မုရာကြီး ရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချ ပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးက သွားနာ သွားကိုက် ၊ သွားဖုံး သွေးယိုခြင်း ၊ သွားနဲ့ခြင်း များ ပျောက်၏။
 
၅ ။ မုရားကြီး ရွက်ကို မျက်စိ ရောဂါ ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု ၏ ။
 
၆ ။ အရွက်ကို ကျို၍သောက်က ဝမ်းကိုက် ရောဂါ ပျောက်သည်။
 
၇ ။ မုရားကြီး ရွက် လတ်တစ်ဆုပ် စာ ကို ရေသုံး ခွက် တစ်ခွက် တင် ပြုတ်၍ တစ်နေ့ ၃ ကြိမ် သောက်လျှင် သွေးဝမ်း ၊ သွေးဒူလာ ၊ မီးယပ် သွေးလွန် ရောဂါများ ပျောက်၏။
 
၈ ။ မုရားကြီး ရွက်နုကို ကြိတ်၍ ရသော အရည်အား ဝိုင်အရက် နှင့်သော်လည်းကောင်း ၊ ပျားရည် နှင့် သော်လည်းကောင်း သောက်သော် ကြက်ညှာ ချောင်းဆိုး ရောဂါ ပျောက်၏။
 
အမြစ်
၁ ။ မုရားကြီး အမြစ် သို့မဟုတ် အရွက် ကြိတ်၍ ရသော အရည်တွင် သကြားခဲ နှင့် သိန္ဓော သင့်ရုံ ထည့်၍ တစ်ခွက်စာ ကြွေဇွန်းကြီး တစ်ဇွန်း သောက်က ပန်းနာ ရင်ကျပ် နှင့် ချောင်းဆိုး ရောဂါ ပျောက်၏။
 
၂ ။ မုရားကြီး အနက် အမြစ်ကို ရေအေး နှင့်သွေး၍ ကင်းကိုက်သော နေရာသို့ လိမ်းပေးက ကင်းဆိပ်ပြေ ၏။
 
၃ ။ မုရားကြီး မြစ်ကို ပိုးမွှားသတ်ဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု နိုင်၏။

စမုန်ဖြူ



အသုံးပြုပုံ-
အစေ့
၁ ။ စမုန်ဖြူ ၊ ငရုတ်ကောင်း ၊ သိန္ဓောဆားတို့ကို ကြိတ်၍ ရေနွေးပူပူနှင့် သောက်သော် ဝမ်းဗိုက်နာ၊ ဝမ်းကိုက် ၊ ဝမ်းမီးနုံ့ခြင်းတို့ ပျောက်၏ ။
 
၂ ။ စမုန်ဖြူကို မိခင်နို့ရည်နှင့် ရော၍ တိုက်သော် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းပျောက်ကင်း၏ ။

၃ ။ စမုန်ဖြူကို ရေနှင့် ပျစ်ပျစ်ကြိတ်၍ နေ့တွင် ၂ ကြိမ် ၃ ကြိမ် လိမ်းပေးလျှင် အရေပြားရောဂါ ၊ ယားယံခြင်း ၊ ပူလောင်ခြင်းများ ပျောက်ကင်း၏။
 
၄ ။ စမုန်ဖြူမှုန့် အနည်းငယ်ကို ဒိန်ရည်နှင့် ရောသောက်သော် ဝမ်းတွင်းပိုးများ ကျဆင်းလာသည်။

ဇာတိပ္ဖိုလ်



အသုံးပြုပုံ-
အစေ့ခွံ
၁ ။ ဇာတိပ္ဖိုလ်ကို သွေး၍ ပျားရည်နှင့် စားပါက နှလုံးအားနည်းခြင်းကို ကောင်းစေပြီး ဒူလာ နှင့် အစေ့ဆံ သွေးဝမ်းရောဂါ ပျောက်စေသည်။
 
၂ ။ ရေအေးနှင့်သွေး၍ သောက်ခြင်း ၊ တဖြည်းဖြည်းလျက်ခြင်း ၊ တစ်ကိုယ်လုံး လိမ်းနယ်ပေးခြင်းဖြင့် ကာလဝမ်းရောဂါ ပျောက်၏ ။

၃ ။နားရင်းရောင်ရောဂါဖြစ်စဉ်က ရောင်တင်းသော နေရာကို ရေနှင့် သွေးလိမ်းပေးခြင်းဖြင့် ပျောက်၏ ။
 
၄ ။ ပျို့အန်သော ရောဂါဖြစ်လျှင် ရေအေးနှင့်သွေး၍ လျက်ခြင်းဖြင့် ပျောက်၏ ။
 
၅ ။တာရှည်စွာ အဆက်မပြတ်သွားသော ဝမ်းရောဂါ ၊ ဝမ်းမီးနုံ့ခြင်း ၊ အဖျဉ်ရောင်ခြင်း ၊ ထိုးအောင့်ခြင်းဖြစ်လျှင် ဇာတိပ္ဖိုလ်သီးကို စားခြင်းဖြင့် ပျောက်ကင်း၏ ။
 
၆ ။ ဇာတိပ္ဖိုလ်ကို သုက်ထိန်းဆေး ၊ လိပ်ခေါင်းဆေး ဖော်စပ်ရာတွင် အသုံးပြု၏ ။
 
၇ ။ ဇာတိပ္ဖိုလ်သီးကို သွေး၍ ဝက်ခြံပေါက်သည့်နေရာ၌ လိမ်းပေးက နုလျှင် ပိန်၍ ရင့်လျှင် အမြန်မှည့်ပြီး ပျောက်၏ ။
 
ဇာပွင့်
၁ ။ ဇာပွင့် ကို ရှူဆေး သွေးဆေးများ ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏ ။
 
၂ ။ သွေးဆေး ၊ ဒူလာဆေး ၊ မီးယပ်ဆေး ၊ အားတိုးဆေး စသည့် ဆေးများဖော်စပ်ရာတွင် အရေးကြီးသော ဆေးမယ်အဖြစ် ထည့်သွင်း အသုံးပြုသည်။

ကြက်သွန်နီ


အသုံးပြုပုံ-
၁ ။ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။
 
၂ ။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။

၃ ။ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏ ။
 
၄ ။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ဝမ်းဗိုက်နာရောဂါ ပျောက်၏ ။
 
၅ ။ သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ဝမ်းရောဂါ ပျောက်၏ ။
 
၆ ။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် သွေးပါက လိပ်ခေါင်းရောဂါသက်သာ၏ ။
 
၇ ။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်သောရောဂါ အတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးသော် ပျောက်၏။
 
၈ ။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏ ။
 
၉ ။ ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါ ပျောက်၏။
 
၁၀ ။ ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တဝါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။
 
၁၁ ။ ကြက်သွန်နီကို ဒူလာပါဒရက် ၊ မီးယပ်ပိန်ခြောက် ၊ ရင်နာ လေနာ ရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်း ထည့်သွင်း အသုံးပြုနိုင်၏။

တမာပင်


အသုံးပြုပုံ-
အပွင့်
၁ ။ အပွင့်ကို ရှူရှိုက်လျှင် အမူးအမော် ပြေစေသည်။
 
အစေး 
၁ ။ တမာစေးကို အားဆေး ၊ အစာကြေဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုသည်။

အဆီ
၁ ။ အသီးဆီကို ယားယံသော အနာများ ပျောက်ကင်းရန် လည်းကောင်း ၊ သန်ချဆေးအဖြစ် လည်းကောင်း သုံးနိုင်သည်။
 
အခေါက်
၁ ။ တမာခေါက်ကို သွေး၍ ဆားနှင့် သောက်သော် အဖျားပျောက်၏ ။
 
၂ ။ တမာရွက်ပြုတ်၍ ရေချိုးက အယားအယံ ပျောက်၏ ။
 
၃ ။ တမာရွက် ရည်ကို မျက်စိ ၌ ခတ်ပေး ခြင်းဖြင့် မျက်စိ ယားယံခြင်း ၊ ပူခြင်း၊ မျက်ရည် ပူကျခြင်း ပျောက်၏ ။
 
၄ ။ တမာရွက် ကို ကျွမ်းအောင် လှော် အမှုန့် ပြုပြီး ဆားအနည်းငယ် ထည့်၍ နေ့စဉ် သွားတိုက် ပေးသော် သွားကိုက် သွားနာ ရောဂါ ကင်းဝေး၍ သွားများကို ဖြူစင် ခိုင်မာ စေ၏။
 
အသီး
၁ ။ တမာသီးကို နေ့စဉ် စားပေးလျှင် ဆီးရောဂါ ပျောက်ကင်း ၏ ။
 
အခက်အရိုး
၁ ။ တမာ အရိုး တံကို သွားကြား ထိုးတံ အဖြစ် အသုံး ပြုခြင်းဖြင့် သွားရောဂါ ကင်းစင် စေသည်။

တရုတ်စံကားပင်


အသုံးပြုပုံ-
အစေး
၁ ။ တရုတ် စံကား ပင်၏ အခေါက် နှင့် အကိုင်း မှ ထွက်သော နို့နှစ် ရောင် အစေးကို ဝမ်းနုတ် ဆေး အဖြစ် သုံးသည်။
 
၂။ တရုတ် စံကား ပင်မှ ထွက်သော နို့နှစ် ရောင် အစေး သည် ဝမ်းဗိုက် ရောင် ရောဂါ ၊ ဝမ်းဗိုက် ထိုးအောင့် ရောဂါ ကို ပျောက်ကင်း စေ၏ ။

အပွင့်
၁ ။ တရုတ် စံကား ရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်း ရည်နှင့် ပြုတ်၍ သနပ် လက်သုပ် လုပ်စား ခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ် လေကို ကြေစေသည်။

မဉ္ဇူပန်းပင်


အသုံးပြုပုံ-
၁ ။ ဥကို ပန်းသေ ၊ ပန်းညှိုးရောဂါ အတွက် ဆေးဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံးပြု ၏ ။
 
၂ ။ မဉ္ဇူပန်းဥ ၊ ချင်းခြောက် ၊ ငရုတ်ကောင်း ၊ ပိတ်ချင်း သီး တို့ကို အမှုန့် ပြု၍ ပျားရည်နှင့် လျက်သော် ညောင်းကျ ရောဂါ ပျောက်၏။

အရွက်
၁ ။ မဉ္ဇူ ရွက်စိမ်း ကြိတ်ရည် ညှစ်ရည်နှင့် လိမ်းပေးသော် အရေ ပြား ပေါ် တွင် ယားဖု ကလေးများ ပေါက်၍ မနေနိုင် အောင် ယားယံခြင်း ပျောက်၏။
 
၂ ။ အရိုးကျိုး ခြင်း ၊ အဆစ်လွှဲ ခြင်း ၊ အကြောထုံး ဖွဲ့ခြင်း များအတွက် အရွက်ကို ရေအေးနှင့် ကြိတ်၍ အုံပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
 
ပဉ္စငါးပါး
၁ ။ အပင် ၏ ပဉ္စငါးပါးကို သကြားနှင့် သုံးခွက် တစ်ခွက် တင် ကျို သောက်လျှင် ဆီးပူ ၊ ဆီးကိုက် ၊ ဆီးကျင် ၊ ဆီးပိတ် ၊ ဆီးကျောက် တည်သော ရောဂါ ပျောက်၏ ။

ပေါက်ပန်းဖြူ


အသုံးပြုပုံ-
အပွင့်
၁ ။ ပေါက်ပန်းဖြူ ပွင့်ကို အရည်ညှစ် ၍ မျက်စိ၌ ခတ်ပေးသော် မျက်စိမှုန်ခြင်း ၊ မျက်စိဝေခြင်း ပျောက်၏ ။
 
၂ ။ ပေါက်ပန်းဖြူ မြစ်ကို ရေနှင့်ကြိတ်၍ မီးဖြင့် နွှေးပြီး အဆစ်အဆက် ရောင်သော နေရာများတွင် လိမ်းပေးသော်ပျောက်၏ ။

၃ ။ အပွင့် သို့မဟုတ် အရွက် ကို အရည်ညှစ်ယူ၍ ခေါင်း မကိုက်သော တစ်ဖက်ရှိ နှာခေါင်း မှ ရှူပါက ခေါင်း တစ်ခြမ်း ကိုက်ရောဂါ ပျောက်၏ ။
 
၄ ။ ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်၍ စားပါက ကြက်မျက်စိ သင့် ရောဂါ ပျောက်၏ ။
 
အရွက်
၁ ။ အရွက်ကို အရည်ညှစ်၍ ချင်းခြောက် ၊ ပိတ်ချင်း ကြံသကာ တို့နှင့် ဆတူရော၍ ရှူပေးပါက စိတ်ဖောက် ပြန် ပျံ့လွင့်သော ရောဂါ ပျောက်၏ ။
 
၂ ။ တုပ်ကွေးဖျား သို့မဟုတ် အဖျား ရိုးရိုးဖြစ် လျှင် ပေါက်ပန်းဖြူ ရွက်ကို ကြက်သွန်နီနိုင်နိုင် နှင့် ကြော်စားပါက ပျောက်၏ ။
 
၃ ။ ပေါက်ပန်းဖြူ ရွက်ရည်နှင့် ကျီးနီသီး ဆံကို ရောစားပါက ပန်းသေရောဂါ ပျောက်၏ ။
 
၄ ။ ပေါက်ပန်းဖြူ ရွက်နှင့် ငရုတ်ကောင်း ကို နွားကျင်ငယ် ရည်နှင့် ကြိတ်ရှူသော် ဝက်ရူးနာ ပျောက်၏ ။

နလင်ကျော်



အသုံးပြုပုံ-
အသားခေါက်
၁ ။ ကင်း ၊ ပင့်ကူကိုက်ခြင်း ၊ ကိုယ်လက် ကိုက်ခဲခြင်း ၊ အသားကွက်၍ ယားယံခြင်း ၊ ရောင်ခြင်း များအတွက် နလင်ကျော် ကို ဆားနှင့် သွေး၍ လိမ်းလျှင် အခိုးရ ၍ ပျောက်ကင်းသည်။
 
၂ ။ ဖျားနာလျှင် သော်လည်းကောင်း ၊ အညှော်မိလျှင် လည်းကောင်း ၊ အနာဝင်လျှင် လည်းကောင်း ၊ ငန်းမန်း အားကြီးလျှင် လည်းကောင်း နလင်ကျော်ကို သွေး၍ သောက်ခြင်း ၊ လိမ်းခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။ ဝမ်းချုပ်က ဆားထည့်၍ သောက်နိုင်သည်။

၃ ။ ဝမ်းဖော ၊ ဝမ်းရောင် နှင့် ရေငတ် ဝမ်းကျဖြစ် လျှင် ထမင်း ဆုပ် မီးဖုတ်စိမ် ရည်နှင့် နလင်ကျော် သွေးသောက်က ပျောက်၏ ။
 
၄။ ဆုံဆို့နာ ၊ သွေးလွန်တုပ် ကွေးအဖျား ရောဂါ ၊ ပင်လယ်အူနာ ရောဂါ ၊ အမျိုးသ မီးများတ ကျည်းကိုက်ရော ဂါများအ တွက် ရေနှင့်သွေး သောက်ကပျောက် ၏ ။
 
၅ ။ အသက်၅၀ ကျော်အရွယ် ကိုယ်လက်လေး ခြင်း ၊ နာကျင်ခြင်း ဖြစ်၍ သွားလာရာ တွင် ဒူးဆစ်များ ကျဉ်ခြင်း၊ထိုင် ပါများလျှင် ကျဉ်ခြင်း၊ အမြင့်တက် ရာတွင် မောခြင်း ဖြစ်လျှင် နလင်ကျော် ကို ပရုတ်ဆီ နှင့်သွေး ၍လိမ်းခြင်း ၊ သောက်ခြင်းဖြင့် ပျောက်၏ ။
 
၆ ။ အမျိုး သမီးတို့ ယောနိတွင် တုတ်ကောင်တွယ် ၍ အနာ ဖြစ်ပြီး ပျောက်ခဲ့လျှင် အခေါက်ကို ပြုတ်၍ ဆေးပေး ပါက လျင်မြန်စွာ ပျောက်၏ ။
 
၇ ။ မျက်စိနာ မျက်စိမှုန် ရောဂါ အတွက် နလင်ကျော် သွေးပြီး မျက်လုံးကို ဝိုင်း ၍ လိမ်းပေးရ ၏။
 
၈။ နို့နာဖြစ် က နလင်ကျော် မှုန့်ကို ရော ၍လိမ်းရ ၏ ။ အသည်း အဆုတ်အူ တွင် ဖြစ်သော အ နာများအ တွက်လည်း သောက်သုံးက ပျောက်၏ ။
 
၉ ။ နှာပိတ်၊ နှာပုပ်၊ ထိပ်ကပ်နာ ဖြစ်က နလင်ကျော်မှုန့် ရှူလျှင်ပျောက် ၏ ။ ကလေးချက် ကြိုးနာပေါ် တွင် လည်း အမှုန့်ဖြူး ပေး နိုင်၏ ။
 
၁၀ ။ အမှုန့်ကို ဆန်ဆေးရည် ဖြင့် သောက်သော် ညောင်းကျရောဂါ ၊ဝမ်းတွင်းပုပ် ၊ ဆီးပုပ် ၊ နှလုံးမငြိမ်၊ နှုတ်ခမ်း အာခေါင်ခြောက် ်ရောဂါများ ပျောက် ၏ ။
မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

သင်္ဘောပင်


အသုံးပြုပုံ--
အသီး--
၁။ သင်္ဘောသီး ၌လူကို ကျန်းမာ စေကာ အသက် ရှည်၍ ရောဂါ ကင်းဝေး စေနိုင်သော သတ္တိထူး ရှိ၏။ သင်္ဘောသီး စိမ်းအရည်တွင် သကြားရော၍ တစ်နေ့ ၃ ကြိမ်မျှ သောက်က သရက်ရွက် ကြီးခြင်း ပျောက်၏။
 
၂။ သင်္ဘောသီး အမှည့် စားသော် သရက်ရွက် ကြီးခြင်း၊ အသည်း ကြီးခြင်းနှင့် မြင်းသရိုက် ရောဂါ ပျောက်၏။

၃။ သင်္ဘောသီး ဝမ်းပျဉ်းကို ဟင်းချက် စားခြင်း၊ သနပ် လုပ်စားခြင်းဖြင့် ဆီးဝမ်းကို ရွှင်စေသည်။
 
၄။ သင်္ဘောသီး နုနုကို အခြောက်လှန်း အမှုန့်ပြုပြီး အနည်းငယ်မျှ စားသော် အဆက်မပြတ် သွားသော ဝမ်းပျက် ရောဂါ ပျောက်၏။
 
၅။ သင်္ဘောသီး စိမ်းကို လှီးဖြတ်၍ ထွက်လာသော အရည်ကို ကင်းကိုက်သော ဒဏ်ရာသို့ လိမ်းပေးသော် အဆိပ် ပြေ၏။
 
၆။ သင်္ဘောသီး နုနုကို ဆားနှင့် တို့စားက ဆုံဆို့နာ ပျောက်၏။
 
အစေ့--
၁။ သင်္ဘောသီး အစေ့ အရေအတွက်ကို အရွယ်နှင့် ချင့်၍ စားသော် ဝမ်းတွင်းရှိ သန်များ ကျ၏။
 
အစေး--
၁။ သင်္ဘောသီး စိမ်းမှ ထွက်သော အစေးဖြင့် ယားနာ၊ ပွေးနာနှင့် အရေပြား ရောဂါများ ကို လိမ်းပေးက ပျောက်၏။
 
၂။ အနာ အဖုများနှင့် လူပျိုနာ ကြောင့်ဖြစ်သော အနာများကို သင်္ဘောသီးစေး လိမ်းပေးက ပျောက်၏။
 
၃။ လူလတ် အရွယ်များ အစေး အနည်းငယ်မျှကို နွားနို့၊ သကြားခဲ ရရာနှင့် စားသော် အစာ မကြေ ရောဂါ ပျောက်၏။
 
၄။ အစေးကို ထန်းလျက်နှင့် နယ်စားသော် သန်ကျ၏။
 
၅။ အစေးကို ခန္ဓာကိုယ် အရပ်ရပ်ရှိ အရိုး အခြင် ကြွက်သား စသည့် အစိတ် အပိုင်းများကို ပြုပြင် ရန်နှင့် အစာအိမ် အူသိမ် တို့၏ အတွင်းဆုံး အသားမျှင်များ ပျက်စီး ချွတ်ယွင်းသည့် အနာ အဆာကြောင့် ဖြစ်သော ဗိုက်နာ၊ အူနာ စသော ရောဂါများ ပျောက်ကင်း စေရန် အကောင်းဆုံး ဆေးအဖြစ် သုံးနိုင်သည်။
 
အရွက်--
၁။ သင်္ဘောရွက် ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ် ရောလိမ်းသော် အကြောတက်ခြင်း ပျောက်၏။
 
၂။ သကျည်း ကိုက်သော် သင်္ဘောရွက်ကို ရေနွေးဖြော၍ သို့မဟုတ် မီးကင်၍ ကပ်ပေးသော် ပျောက်၏။
 
၃။အရွက်ကို မီးအုံ၍ တို့စားခြင်း၊ လက်ဖက်ထဲ ထည့်စားခြင်း ဖြင့် နားအူ လေထွက် ရောဂါ ပျောက်၏။

ကစော့ခါး


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ ပဉ္စငါးပါးရည်ကို ညှစ်သောက်ခြင်း ၊ကြိတ်ဖတ်ဖြင့် အုံပေးခြင်းဖြင့် မြွေဆိပ် ၊ ကင်းဆိပ်ပြေပျောက်စေ၏။
 
၂။ သွားကိုက် ၊ နာကျင်ခြင်းနှင့် သွားပိုး ထသောအခါ အမြစ်ကို သွေး၍ သွား၌ သိပ်ပေးခြင်းဖြင့် ၊ အမြစ်မှုန့် ကိုမှိုင်းတိုက်၍ အခိုးရှူပေးခြင်းဖြင့် သွားနှင့်ပတ်သက်သောရောဂါများ ပျောက်၏။

၃။ အမြစ်ကို ဆန်ဆေးရည်နှင့် သွေ၍ သောက်ပါက နှာခေါင်းသွေးလျှံခြင်း ပျောက်၏။
 
၄။ နား၌ ပိုးကောင်ဝင်လျှင် ကစော့ခါးသီးကို မီးရှို့ပြီး အခိုးခံပါက ပိုးထွက်၏။
 
၅။ ကစော့ခါး မြစ်ကိုအမှုန့််ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့် သောက်ခြင်းဖြင့် အညှော်ခံ ငန်းဆေးကြီးအဖြစ် အသုံးပြု၏။
 
၆။ ပဉ္စငါးပါး နုပ်နုပ်စဉ်း၍ ရေထက်ဝက် ခန်းအောင် ကျိုပြီး ပိတ်သန့်သန့်ဖြင့် စစ်၍ အေးလျှင် ပျားရည်တစ်ဆယ်သားခန့် ထည့်ပါ။ လက်ဖက်ရည်ပန်းကန်ဖြင့် ထက်ဝက်ခန့် တစ်နေ့ နှစ်ကြိမ် သောက်ပါက မီးယပ်ဖြူဆင်းသည့်ရောဂါ ပျောက်၏။

ပရုတ်အေး



အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ လေဆေး၊ ဝမ်ဖော ဝမ်းရောင် ပျောက်ဆေး၊ အစာအိမ် အားတိုးဆေး၊ အဖျားကျ ဆေး နှင့် အကြောဆွဲ ရောဂါ အတွက် ဖော်စပ် သော ဆေးများ တွင် ပရုတ်အေး ကို ထည့်သွင်း အသုံးပြု ၏။
 
၂။ပရုတ်အေး ပင်ကို ပြုတ်သောက် သော် ဝမ်းဗိုက်နာ ပျောက်ကင်း၏။

အရွက်
၁။ အရွက်ရည်ကို ပျားရည်နှင့် ရောလျက် သော် ဝမ်းသက် ရောဂါ ပျောက်၏။
 
၂။ပြုတ်သောက် သော် အကြော အဆစ် ရောင်ခြင်း၊ ကိုက်ခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုး ခြင်း ပျောက်၏။
 
၃။အအေး ဖျား ဖျားသော် အရွက် ကို ချင်းခြောက်နှင့် ပြုတ်သောက် ရ၏။
 
၄။ရွက်နု ကိုကြိတ် ရှူသော် တွေေ၀ မူးမိုက်ခြင်း ပျောက်၍ ဦးနှောက် ကို ကြည်လင် စေ၏
 
၅။အရွက်ရည် ကို လိမ်းကျံ ပေးသော် နဖူး၊ မျက်ရိုး ကိုက်ခြင်း ပျောက်၏။
 
၆။အရွက်ကို ပေါင်းချွေး ပြုလုပ်၍ တိုက်သော် ကလေးများ ဝမ်းဗိုက်နာ ခြင်း ပျောက်၏။
 
၇။အရွက် ချွေးပြန်ရည် သောက်သော် သွေးတိုး ရောဂါ ပျောက်၏။
 
၈။အရွက်ကို ဝါး၍ ကြောင်ကိုက်သော နေရာသို့ လိမ်းပေးသော် ကြောင်ဆိပ် ပြယ်၏။
 
၉။ပျို့အန်ခြင်း ပျောက်ကင်း စေတတ်သော ဆေးတွင် ပရုတ်အေး ကို ထည့်သောက်သော် ပိုမို လျင်မြန်စွာ ပျောက်ကင်း စေနိုင်၏။
 
၁၀။ပရုတ်အေးမှ ပရုတ်ဆီ ထုတ်၍ ပရုတ်ခဲ ပြုလုပ်ပြီး သွားတိုက်ဆေး၊ ချိုချဉ် ၊ဆပ်ပြာ၊ ဆပ်ပြာမွှေး၊အမွှေးအကြိုင် နှင့် အဖျော် ယမကာ များတွင် အားအင် ဖြည့်ဆေး အဖြစ် ထည့်သွင်း အသုံးပြုသည်။

ဆူးပန်းပင်



အသုံးပြုပုံ-
အရွက်
၁။အရွက်ကို ချဉ်ရည်ဟင်း ချက်စားခြင်းဖြင့် ဆီးကိုရွှင်စေပြီး ခွန်အားကို တိုးပွားစေ၏။
 
အပွင့်
၁။အပွင့်ကို ကြိတ်၍ သောက်ပါက မြွေဆိပ်၊ ကင်းဆိပ်ကို ပြယ်စေ၏။

၂။အပွင့်ခြောက်ကို အမှုန့်ပြုစားသုံးပါက အသားဝါရောဂါ ပျောက်၏။
 
၃။အပွင့်ကိုကြိတ်၍ သကြားနှင့် ရောသောက်ပါက လိပ်ခေါင်းနှင့် ကျောက်တည်ရောဂါ ပျောက်သည်။
 
၄။အပွင့်ပြုတ်ရည်ကို နှာရောင်၊ ကြွက်သားရောင်ခြင်း၊ အဆစ်နာခြင်း အတွက် သုံးသည်။
 
၅။အပွင့်ကို ဒန်းကြီးရွက်နှင့် ရောကြိတ်ပြီး ခြေ၊ လက်ဖဝါးတို့၌ လိမ်းက ကျောက်ရောဂါ ပျောက်၏။အမြစ် 

၆။ဆီးရွှင်ဆေး အဖြစ် အသုံးပြုသည်။
 
အစေ့
 ၁။ဆူးပန်းစေ့နှင့် ဆူးဖြူခေါက်တို့ကို အညီအမျှစီယူ၍ မီးရှို့ပြာချ ပြီးနောက် ယင်းပြာကို စပယ်ဆီနှင့်ရော၍ ဆံပင်၌ လိမ်းလျှင် ဆံပင်များ နူးညံ့ပျော့ပျောင်း၍ ဆံပင်အလွန် ကောင်းလာစေသည်။
 
၂။အစေ့ကို အမှုန့်ပြု၍ နွားနို့နှင့်သောက်ပါက အရူးရောဂါ ၊ လေဖောက်ပြန်သောရောဂါ ၊ ယားနာ ပျောက်၏။

ဆေးဂန္ဓမာ


အသုံးပြုပုံ-
အရွက်--
၁။အရွက်ကို ငရုတ်ကောင်းနှင့် ရောကြိတ်သောက်သော် ဆီးအောင့်ရောဂါ ပျောက်၏။ ၂။ ပါးစပ်ကွဲ၊ ညောင်းကျ၊ သွေးအန် သွေးကျရောဂါ တို့ကို ကုသရာ၌ အသုံးပြု၏။
 
အပွင့်နှင့် ပဉ္စငါးပါး--
၁။ခြင်ဆေး၊ ပိုးသတ်ဆေး အဖြစ် အသုံးပြု၏။

၂။ အပွင့်မှ ထုတ်ယူရရှိသော ဆေးရည်သည် သွေးလွန်တုပ်ကွေး ရောဂါကို ဖြစ်စေတတ်သည့် ခြင်များကို အထိရောက်ဆုံး နှိမ်နင်းနိုင်ကြောင်း သိရသည်။

ရေသကျည်း


အသုံးပြုပုံ-
အမြစ်--
၁။ အမြစ်ကို အကျိတ် ရောဂါ၊ အဖျားရောဂါ၊ အနာပေါက် ရောဂါ၊ဆီးချိုရောဂါ၊ သွေးမကောင်း ၍ကိုယ်ပေါ်တွင် အဖြူ အနီ ကွက်များ ပေါ်ခြင်းနှင့် လည်ချောင်း ရောဂါ တို့အတွက် ဆေးဖော်စပ် အသုံးပြု၏။
 
၂။ကင်းဆိပ် ဖြေဆေး အဖြစ်လည်း သုံး၏။ အခေါက်--၁။ အခေါက် ကြိတ်ညှစ်ရည် ကို အရေပြား ရောဂါ ရှိသူများအား တိုက်ကျွေးခြင်း၊ အစေ့ ကို သွေး၍ လိမ်းကျံပေး ခြင်းပြုရ၏။

အစေ့--
၁။ အနာဟောင်း၊ အနာဆွေး များပေါ်တွင် အစေ့ကို သွေးလိမ်းပေး ခြင်းဖြင့် အသားနု တက်၍ ပျောက်ကင်း စေသည်။
 
၂။ အစေ့ကို မီးယပ်သွေး မှန်ဆေး၊အသည်းရောင်၊အဆုတ်ရောင် ရောဂါ ကုဆေး အဖြစ်လည်း ဖော်စပ် သုံး၏။
 
အရွက်--
၁။ အရွက်ကို အဆိပ်သင့် ခြင်းနှင့် ကိုယ်လက် ဖောရောင်သော အနာ၊ မျက်စိနာ များအတွက် အသုံးပြု ရ၏။
 
၂။ ရွက်နု များကို ဟင်းချို ချက်သောက်ခြင်း၊ ရေနွေး ဖြော၍ တို့မြှုပ်စားခြင်း၊ အချဉ် တည်၍ စားခြင်း၊ သုပ်စား ၊ကြော်စား ခြင်းဖြင့် သားသည် အမေများ နို့ရည်ကို များစေ၍ နို့ချောင်း ပိတ်ခြင်းကို ကာကွယ်ပေး ပြီး နို့ရည်ကို အထူး သန့်စင် စေ၏။
 
၃။ အဆစ်ရောင် ရောဂါ၊ ကိုယ်လက် ကိုက်ခဲသော ရောဂါ များအတွက် အရွက်ကို ပြုတ်သောက် ရ၏။
 
၄။ အရွက်ခြောက်ကို အမှုန့်ပြု၍ ပျားရည် သို့မဟုတ် အရက်ချို များဖြင့် ရောစပ် သောက်သုံးသော် အင်အားကို ပြည့်ဖြိုး စေ၏။
 
၅။ ရေသကျည်း ရွက်ကြိတ်ညှစ်ရည် ကို မျက်စိ၌ ခတ်ပေးသော် အဖျားပျောက်၏။