Thursday, January 10, 2013

သွေးစုနာ

  • ၁။ ဝါစေ့ကို ကြိတ်၍ မီးကင်ပြီး အပြားလေး များပြုကာ အသမာ နှင့် သွေးစုနာ များကို အုံပေး၊ ကပ်ပေး ပါက အနာများ ပျောက်၏။
  • ၂။ ခြေလက် တို့တွင် ပေါက်သော အကျိတ်နာ သွေးစု နာ များ ပေါ်တွင် ရှားစောင်း လက်ပပ်ကို စည်းပေး ထားပါက အကျိတ်ကြေ ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။
  • ၃။ ခွေးတောက်အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာ များ နူလျှင်ပိန်၍ ရင်လျှင် ပြည်ပေါက်၍ ပျောက်၏ ။
  • ၄။ အနာ စိမ်း ၊ သွေးစုနာ၊ အနာ ပေါက် များ အတွက် လက်ပံခါးအခေါက် ကို သွေးလိမ်း ပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက် စေ၏ ။

လိင်ဥရောင်ခြင်း

  • ၁။ ဝါစေ့ နှင့် ချင်းခြောက် ကို ရေနှင့် သွေးလိမ်းသော် လိင်ဥ ရောင်ခြင်း ပျောက်၏။
  • ၂ ။ သင်္ဘောကြက်ဆူ အရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျို၍ သောက်လျှင် လေသလိပ်အားကြီးခြင်း ၊ ဝှေးစေ့ကြီးခြင်း ၊ ဆီးအိမ်၌ ထုံကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာ ၊ သည်းခြေနာတို့ကို ပျောက်စေ၏။

ဦးနှောက်အားနည်း

၁။ ဝါစေ့ အတွင်းသား အဆံကို နွားနို့နှင့် ကျိုစားက ဦးနှောက် အားနည်းခြင်း ပျောက်၏။

Wednesday, January 9, 2013

စမွတ် ၊ တရုတ်နံနံ



အသုံးပြုပုံ-
အစေ့
၁ ။ စမွတ်ကို ကွမ်းရွက်ထဲတွင်ထည့်၍ အရည်ကို ငုံထားပါက ချောင်းခြောက် ၊ ချောင်းစိုရောဂါ ပျောက်၏။
 
၂ ။ စမွတ်နှင့် လေးညှင်းပွင့်ထိပ်ဖူးကိုကြိတ်၍ ပျားရည်နှင့်ရောစားပါက အော့အန်သောရောဂါ ပျောက်၏ ။
 
၃ ။စမွတ်ကို ပါးစပ်တွင်ငုံ၍ ထွက်လာသောအရည်ကို မျိုချခြင်းဖြင့် ကြို့ထိုးရောဂါပျောက်၏ ။
 
၄ ။ စမွတ်ကို ဆားပုပ်နှင့် ရောစားသော် ဝမ်းဗိုက်နာ ကောင်း၏ ။ ထန်းလျက်နှင့်ရော၍ လုံးစားသော် အစာမကြေ ၊ ရင်ပြည့် ၊ ဝမ်းကြော ၊ ဝမ်းဗိုက်ကြောတင်းခြင်းတို့ ပျောက်၏ ။

စမြိတ် ၊ စမုန်ညို




အသုံးပြုပုံ-
အစေ့
၁။ စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ နှင့် လေထိုးလေအောင့် ၊ လေနာ သောရောဂါ ပျောက်၏ ။
 
၂။ စမြိတ်စေ့ကို လှော်၍ စားလျှင် သော်လည်းကောင်း ၊ သကြားခဲနှင့် ရောစားလျှင်သော်လည်းကောင်း နို့ကောင်းစွာ ထွက်စေ၏ ။

၃။ စမြိတ်စေ့ကို ရေနွေးဖြော၍ သောက်စေပါက သားဖွားပြီးသော မိန်းမများအတွက် နှလုံးကို အလွန်အားပေး၏။ မီးတွင်းဆေးအနေနှင့် လည်း သုံးနိုင်သည်။
 
အရွက်
၁။ အရွက်ကို ဆီသုတ်၍ မီးကင်ပြီး အနာပေါ်ကပ်ပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်သွား၏။

စပါးလင်မွှေး


ပဉ္စငါးပါး
၁ ။ စပါးလင် ဆီကို အဆစ်အမျက် ရောင်ရမ်းသောနေရာ၌ နာနာပွတ်၍ လိမ်းပေးက အဆစ်ရောင်ရမ်းခြင်း လျော့၍ ပျောက်ကင်း၏ ။
 
၂ ။ စပါးလင်ကို ထုထောင်း၍ အဝတ်ဖြင့် ထုပ်ပြီး ကြပ်ထုပ် ပြုလုပ်၍ ထိုးပေးပါက ရောင်ရမ်းနာပျောက်ကင်း၏ ။

၃ ။ စပါးလင် လက်ဆုပ်ခန့် ကို အမြီး ၊ ခေါင်း ဖြစ်၍ ရေနှင့် သုံးခွက်တစ်ခွက်တင်ကျိုပြီး တစ်နေ့ ၃ ကြိမ်ထက်မနည်း သောက်ပါက ၃ ရက်ခန့် အကြာတွင် ဂျွန်းဒစ်ခေါ် ဆီး ကြောင့်ဖြစ်သော အသားဝါရောဂါ ပျောက်ကင်း၏ ။
 
၄ ။ စပါးလင်ခေါင်းအား ငရုတ်ကောင်း စေ့နှင့် ပေါင်းကြိတ်ပြီး ငရုတ်ကောင်း စေ့ခန့် လုံး၍ နေ့စဉ်သောက်လျှင်ရိုးရိုးဖျားနှင့် ငှက်ဖျားပျောက်၏ ။
 
၅ ။ စပါးလင်အရည်သည် အစာမကြေ ၊ ခံတွင်းမကောင်း သောရောဂါ တို့ကို ပျောက်ကင်းစေနိုင်၏။
 
၆ ။ ငှက်ဖျားရောဂါ ထူထပ်သော ဒေသများတွင် ခြင်ကို ကာကွယ်နိုင်ရန်အတွက် စပါးလင်ဆီကို ဖယောင်းဖြင့် ရောကျို၍ ခြင်ကိုက်သည့် နေရာများတွင် သုတ်လိမ်းပေးရ၏။

စကားဝါ


အသုံးပြုပုံ-
အပွင့်
၁။အပွင့်ကို ညက်အောင်ကြိတ်၍ ရေအေးနှင့်ဖျော်သောက်သော် ဆီးအောင့်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း ရောဂါများ ပျောက်၍ ဆီးကိုရွှင်စေသည်။
 
၂။အပွင့်ပြုတ်ရည်ကို သောက်သော် အစာအိမ်နာကျင်သောရောဂါ၊ လေရောဂါ၊ကျောက်ကပ်ရောဂါ၊ ညောင်းကျရောဂါများပျောက်၏။
 
အရွက်
၁။အရွက်နုစိမ်ရည်ကို စစ်၍ မျက်စိတွင် ခတ်ပေးသော် မျက်စိတွင်းရှိ အညစ်အကြေးများစင်ကြယ်ပြီး မျက်စိအားနည်းရောဂါ ပျောက်၏။
 
၂။အရွက်ကို ရေညှစ်၍ ပျားရည်နှင့်ရောသောက်သော် ရင်ဘတ်အောင့်နာကိုပျောက်ကင်းစေ၏။ ဝမ်းတွင်းရှိ တုတ်ပိုး ၊ သန်ပိုးများကိုလည်း ကျဆင်းစေနိုင်၏။
 
အသီး
၁။အသီးကိုဖြစ်စေ ၊ အစေ့ကိုဖြစ်စေ ရေနှင့်သွေးလိမ်းသော် ပေါင်၌ အကျတ်အဖုဖြစ်ခြင်း ပျောက်၏။
 
၂။အသီးခွံ နှင့်ပင်စည်ခေါက်များကို နူနာရောဂါ ကုသရာတွင် ထည့်သွင်းအသုံးပြုသည်။
 
အခေါက်
၁။အခေါက်မှုန့်ကို ပျားရည်နှင့် ရောလျက်သော် ချောင်းခြောက်ရောဂါ ပျောက်ကင်း၏။
 
၂။အခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်၏။
 
အမြစ်
၁။အမြစ်ခြောက်ကို ဖြစ်စေ ၊ အမြစ်အခေါက်ကို ဖြစ်စေ၊ ဒိန်ရည်နှင့် ရောကြိတ်၍ အနာများပေါ်၌ အုံပေးသော် အနာနုလျှင် ပိန်၍ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

ငရံ့ပတူ


အသုံးပြုပုံ-
အရွက်
၁။အရွက်နှင့် အမြစ်တို့ကို အနာကြီးရောဂါဆေးများနှင့် မီးယပ်ဆေး များဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။
 
၂။အရွက်သည် ကိုယ်ပူနာ၊ လေနာ၊ ချောင်းဆိုးနာတို့ကိုနိုင်၏။ မီးယပ်သွေးခဲ၊ သွေးကျန်တို့ကို ကြေပျက်၍ ကျစေသည်။
 
၃။အရွက်ကိုပြုတ်၍ သုပ်စားခြင်းဖြင့် လေကောင်း၍ ဝမ်းမှန်စေသည်။

၄။သန်ကျဆေး ဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုသည်။
 
အမြစ်
၁။အမြစ်ကိုသွေး၍ ချင်းခြောက်မှုန့်နှင့်ရောပြီး ရေနွေးနှင့်သောက်ပါက အဆုတ်နာပျောက်၏။
 
၂။အမြစ်နှင့် ဖော်စပ်သောဆေးသည် ဒူလာ၊ ညောင်းကျ၊ ပန်းနာ၊ ရင်ကျပ်၊ ချောင်းဆိုး၊ အကိုက်အခဲ ကို ပျောက်ကင်းစေနိုင်သည်။
 
အစေ့
၁။အစေ့ကို လူပျိုနာကြောင့်ဖြစ်သော အဆစ်ရောင် ရောဂါများအတွက် အသုံးပြုရ၏။

ငရုတ်ကောင်း


အသုံးပြုပုံ-
အစေ့
၁။ငရုတ်ကောင်းစေ့ကို အမှုန့်ပြုပြီး ပျားရည်နှင့် ရော၍ လျက်ပါက ချောင်းဆိုးရောဂါ၊ ပန်းနာရင်ကျပ် ရောဂါများကို ပျောက်ကင်း၏။မိခင်များ နို့ထွက်၏။
 
၂။ငရုတ်ကောင်းစေ့ကို ရှိန်းခို ၊ ဘိန်းတို့နှင့်ရော၍ အမှုန့်ပြုပြီး စားပါကအဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါ ပျောက်၏။

၃။ငရုတ်ကောင်းကို ဒိန်ရည်နှင့်သွေး၍ အနည်းငယ်မျှ မျက်စဉ်းခတ်ပေးသော် ကြက်မျက်သင့်နာ ပျောက်ကင်း၏။ အမှုန့်ပြု၍ ဒိန်ရည် ၊ ကြံသကာနှင့် ရော၍စားပါက နှာခေါင်း သွေးလျှံခြင်း သွေးယိုစီးခြင်းနှင့် နှာစေးခြင်း ပျောက်၏။
 
၄။ငရုတ်ကောင်းကို မီးကင်ပြီး အခိုးအငွေ့များ ရှူပေးခြင်းဖြင့် ကြို့ထိုးရောဂါပျောက်ကင်း၏။
 
၅။ငရုတ်ကောင်းစေ့နှင့် အညာခရာစေ့ ၂ မျိုးကို အသင့်အတင့် ရော၍ အမှုန့်ပြုပြီး စားသုံးပါက ခွေးရူးဆိပ် ပြေစေသည်။
 
၆။ငရုတ်ကောင်းစားခြင်းဖြင့် အစာကြေခြင်း ၊ လေကြေခြင်း၊ ဆီးကောင်းခြင်း၊ဝမ်းဖောဝမ်းရောင် ဖြစ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကို ပျောက်ကင်းစေသည်။
 
၇။ငရုတ်ကောင်းမှုန့်ကို နွယ်ချိုျနှင့် ရောလျက်ပေးပါက လေထိုးလေအောင့်ရောဂါ၊ နှလုံးတုန် ရင်ခုန်ရောဂါ ပျောက်၏။

ဂမုန်းကြက်သွန်ဖြူ (မချစ်ဥ)


အသုံးပြုပုံ-
၁။မချစ်ဥ၍ ထူးခြားသော အစွမ်းသတ္တိရှိ၍ ယင်းကို မအို၊ မနာ၊ မသေဆေး ဟု ယူဆကြသည်။
 
၂။အနာပေါက်၊ ပန်းနာ၊ သွေးအားနည်းရောဂါ ၊ ချောင်းခြောက် အဆုတ်နာ၊ လေကျိတ်၊ သွေးကျိတ်၊အကြောနာ၊အဆစ်ကိုက် ၊ဆီးပူငုပ်၊ နာတာရှည်ဖျား စသော ရောဂါများ မကျရောက်နိုင်အောင် လည်းကောင်း၊ ပျောက်ကင်း ချမ်းသာစေရန်လည်းကောင်း အသုံးပြု၏။

၃။မချစ်ဥကို အမှုန့်ပြု၍ လိမ္မော်ခွံနှင့် ပြုတ်ပြီးသောက်ခြင်းဖြင့် ပန်းနာရောဂါ နူနာရောဂါများ ပျောက်ကင်းစေ၏။
 
၄။မချစ်ဥခြောက်အမှုန့်ကို ပျားရည်ပုလင်းကြီး တစ်ဝက်ခန့်နှင့်စိမ်ထားပြီး နေ့စဉ်နံနက် ည လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ စားသုံးပေးပါက ဒူလာရောဂါ ပျောက်ကင်း၍ အိပ်ပျော်စားဝင် အသက်ရှည်စေသည်။

ချင်းစိမ်း


အသုံးပြုပုံ-
ဥအတက်
၁ ။ ချင်းစိမ်းရည်နှင့် ပျားရည်ရောစပ်၍ လျက်ပေးပါက နှာစေးချာင်းဆိုး ၊ ပန်းနာရင်ကျပ် ပျောက်၏ ။
 
၂ ။ ချင်းစိမ်းရည်နှင့် ကြက်သွန်နီဥမှ ညှစ်၍ ရသော အရည်ကို သင့်လျော်အောင် ရောသောက်သော် အော့အန်ခြင်း ၊ကြို့ထိုးခြင်း ပျောက်၏ ။
 
၃ ။ ချင်းစိမ်းနှင့် ပင်းစိမ်း ရွက်မှ ညှစ်၍ရသော အရည်တို့ကို အမျှစပ်၍ ပျားရည်အနည်းငယ် ထည့် သောက်သော် ကာလဝမ်းရောဂါ ပျောက်ကင်း၏ ။

၄ ။ ချင်းစိမ်း သတ္တုရည်ကို မီးတွင် နွေးရုံ နွှေး၍ နား၌ ခတ်သော် နားကိုက်ရောဂါ ပျောက်ကင်း၏ ။
 
၅ ။ ချင်းစိမ်းသတ္တုရည်ကို နှမ်းဆီနှင့် ကျို၍ ရသောဆီကို အဆစ်အမျက် ရောင်ရမ်းသော နေရာ၌ လိမ်းပေးသော် အဆစ်အမျက် ကိုက်ခြင်း ၊ ရောင်ရမ်းခြင်း ပျောက်၏ ။
 
၆ ။ ချင်းစိမ်းကို ဝါး၍ သွားကိုက်သောနေရာတွင် ငုံထားပါက သွားကိုက်ခြင်း ၊ သွားနာခြင်း ပျောက်၏ ။
 
၇ ။ ချင်းစိမ်း ၊ ထန်းလျက် နှင့် ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏ ။ အစာကြေစေ၏ ။ သားဖွား မိခင်များအတွက် သွေးသားစင်ကြယ်စေသည်။

Tuesday, January 8, 2013

ခပေါင်းရေကြည်


 အသုံးပြုပုံ-
အစေ့
၁ ။ အစေ့ကို သွေး၍ မျက်စိ၌ ကွင်းပေးသော် မျက်စိ မှုန်ခြင်း ပျောက်၍ အမြင်သန်လာမည်။ မျက်သား အဖြူရောင်ပေါ်တွင် ဖြစ်ပေါ်တတ်သော သွေးခြည်ဥ ရောဂါမျိုးနှင့် အခြားမျက်စိနာရောဂါများကိုလည်း ပျောက်ကင်းစေနိုင်၏ ။
 
၂ ။ ခပေါင်းရေကြည်စေ့ကို သွေး၍ ဒိန်ချဉ်ရေဖြင့် ၇ ရက်စေ့အောင် သောက်သော် အလွန်ပျောက်ခဲသော ဝမ်းပျက်ရောဂါ ပျောက်၏ ။

၃ ။ အစေ့ကို သွေး၍ နွားနို့ဖြင့်သောက်သော် ညောင်းကျရောဂါ ပျောက်၏ ။
 
၄ ။ အစေ့ကို ပြာချ၍ သကြားနှင့် ရောပြီး အနည်းငယ်မျှ သောက်သော် သွေးမြင်းသရိုက် ရောဂါ ပျောက်၏ 

၅ ။ အစေ့ကို သွေး၍ ပျားရည်နှင့် ကွင်းပေးသော် မျက်စိတိမ်သလ္လာရောဂါ ပျောက်၏ ။
 
၆ ။ အစေ့ကို ရက်တက်ရည်နှင့် သွေးသောက်သော် ဆီးလွန်ရောဂါ ပျောက်၏ ။
 
၇ ။ အစေ့ခွံကို အမှုန့်ပြု၍ အန်ဆေး ၊ ဝမ်းကိုက်ပျောက်ဆေး အဖြစ်သုံး၏။
မှတ်ချက်။ ။ မျက်စိတွင်းသို့ ဝင်ရောက်ပါက မျက်လုံးကွယ်တတ်သဖြင့် မျက်စိရောဂါများအတွက် အသုံးပြုရာတွင် မျက်လုံးအိမ် အတွင်းသို့ မဝင်ရောက်စေရန် အထူးသတိပြုသင့်သည်။

ခန်းတောက်မြစ်


အသုံးပြုပုံ-
မြစ်ဥ
၁။ခန်းတောက်မြစ်၊ ငရုတ်ကောင်းတို့ကို ညက်အောင် ကြိတ်၍ ပဲစေ့မျှလုံးထားပြီး နံနက် ည တစ်လုံးစီ သောက်သော် သလိပ်၊ချောင်းဆိုး၊ပန်းနာရင်ကျပ် ရောဂါပျောက်၏။
 
၂။ခန်းတောက်မြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ဘောက်ခွေးရွက် ညှစ်ရည်ဖြင့် ကြိတ်၍ ငရုတ်ကောင်းစေ့ခန့်လုံးပြီ်း နံနက် ည ၂ လုံးစီသောက်သော် ရေဖျဉ်းရောဂါ၊အစာအိမ်သစ် အားနည်းသော ရောဂါနှင့် သလိပ်ကြောင့်ဖြစ်သော ဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ ပျောက်စေ၏။
 ၃။ခန်းတောက်မြစ်ကို တောအရက်နှင့် စိမ်သောက်သော်ငှက်ဖျားရောဂါပျောက်၏။
 
၄။ခန်းတောက်မြစ်ကို ပျစ်ပျစ်သွေး၍ မျက်စိတွင်ကွင်းပေး သော် မျက်စိနာခြင်းနှင့် မျက်စိ၌ဖြစ်သောရောဂါများပျောက်၏။
 
၅။ခန်းတောက်မြစ်အနည်းငယ်ကို ရှားစောင်းကြီးအစေးသို့မဟုတ် မရိုးစေးဖြင့် ကြိတ်၍ မြွေကိုက်သော နေရာ ကိုလိမ်းပေးပြီး ခန်းတောက်မြစ်အနည်းငယ်နှင့် မအေးခြင်ထောင်ဥ အနည်းငယ်တို့ကို ငရုတ်ကောင်းနှင့် ကြိတ်သောက်သော် မြွေဆိပ်ပြေ၏။
 
၆။ခန်းတောက်မြစ် တစ်ရွေးသား လေးညှင်းတစ်ပွင့် ငရုတ်ကောင်း တစ်စေ့တို့ကိုမိခင်နို့နှင့် သွေးတိုက် သော် ကလေးများအဆုပ်ရောင်ရောဂါ ပျောက်၏။
 
၇။ခန်းတောက်မြစ်၊ရွှေတံတိုင်းမြစ်ခေါက်နှင့် ဘောက်ခွေးမြစ်ခေါက်တို့ကို အမျှယူ၍ အမှုန့်ပြုပြီး အခိုးအဖြစ် ရှူပေးသော် ပန်းနာ ရင်ကျပ်ရောဂါနှင့် ချောင်းဆိုး ရောဂါပျောက်၏။

ကျွဲကျောင်းမင်ဆေး



အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို သောက်လျှင် သွေးအန်ရောဂါ ၊ ဝက်သက် ရောဂါ နှင့် ရင်ဘတ်အောင့်ခြင်း ပျောက်၏ ။
 
၂ ။ ပြုတ်၍ သောက်လျှင် ပန်းနာ ၊ရှိုက်နာ ၊ ပြွန်ချောင်းများရောင်တင်းသော ရောဂါပျောက်၏။ ကလေးများ အတွက်မူ ချောင်းဆိုးရောဂါ၌ သုံးရသည်။

၃ ။ ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို ပွေး၊ ဝဲ ၊ ယားနာ ၊ အရေပြားရောဂါတို့၌ သုတ်လိမ်း ပေးလျှင် ပျောက်၏ ။

ကညွတ်


အမြစ်
၁။ အမြစ်ကို ချက်ပြုတ်စားသောက်၍လည်းကောင်း၊ နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍လည်းကောင်း စားပါက အားကိုဖြစ်စေသည်။
 
၂။ ကညွတ်မြစ်ဥ အရည်ကို ကျိုချက်၍ရသော အဆီဖြင့် အဆစ်ရောင်ခြင်း ၊ ကိုက်ခြင်း နှင့် လေရောဂါ တို့ကို လိမ်းကျံပေးက ပျောက်၏။

၃။ ကညွတ်မြစ်အရည်ကို ပျားရည် ၊နွားနို့ရည်တို့နှင့် ရော၍ သောက်ပါက ဆီးပူ ၊ ဆီးအောင့်ခြင်း ၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်း၏။
 
၄။ ၎င်းမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူ ရော၍ သောက်ပါကကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း၏။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်။
 
အညွန့်
၁။ အညွန့်ကို စားသုံးခြင်းဖြင့် လေကို ကြေစေ၏။ အင်အားကို ဖြည့်တင်းစေ၏။ သွေးအားကောင်းစေသဖြင့် သားဖွားပြီး မိခင်များ စားသုံးရန် အထူးသင့်လျော်သည်။

ကလော


အသုံးပြုပုံ-
အခေါက်
၁။ အခေါက်ကို အဖျားကျဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏ ။
 
အသီး
၁။ ကလောသီးကို စားပါက နူနာ ၊ အပူကြောင့်ဖြစ်သော အနာ ၊ အော့အန်သော အနာတို့ပျောက်ကင်း၍ သွေး လေ သလိပ် တို့ကိုကြေစေသည်။

အဆီ
၁။ ကလောအဆီကို လိမ်းခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်။ သွေးကို သန့်ရှင်းစေသောသတ္တိရှိ၏ ။
 
၂။ အဆီသည် ပူသဖြင့် ရောဂါပိုးမွှားများကို သေစေသည်။ ထို့ကြောင့် ကုဌနူနာနှင့် အခြားအရေပြားရောဂါများကို ကုသရာ၌ အများဆုံးအသုံးပြုကြသည်။

ကုလားမျက်စိ


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ကုလားမျက်စိပင်သည် အသက်ရှည်ဆေးအဖြစ် အလွန် ထင်ရှား၏။ ကုလားမျက်စိအညွန်များကို ပြုတ်တို့ခြင်းဖြင့် ဆီးရွှင် ဆီးကောင်းစေသည်။
 
၂။ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍ အအေးခံပြီး သကြားထည့်သောက်ပါက ဆီးပူ ၊ ဆီးအောင့် ၊ ဆီးနည်း ၊ အသံဝင် ၊ အဖျား ၊ အညောင်းအကိုက် ရောဂါတို့ကို ပျောက်စေ၏။

၃။ ပဉ္စငါးပါးကို ထန်းလျက်နှင့်ကျို၍ အအေးခံထားသောရေတွင် စမုန်မျိုးငါးပါးမှုန့် အဝတ်နှင့်ထုပ်စိမ်ထားပြီး ယင်းစိမ်ရေတွင် ဆားပုပ်အမှုန့်ထည့်၍ တစ်နေ့ ၃ ကြိမ်သောက်သော် ဆီးရောဂါအမျိုးမျိုး ၊ လေအောင့် အစာမကြေ ၊ မျက်စိရောဂါအမျိုးမျိုး ၊ နှလုံးရောဂါ ၊ သားအိမ်ရောဂါ ၊ဖောရောင် ညောင်းကိုက် ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်စေ၍ အားတိုးစေသည်။

ကိုရံကြီး


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို ပြုတ်၍ ရေချိုးခြင်း ၊ အရည်ပျစ်ပျစ်သွေး၍ လိမ်းခြင်းပြုက အဖောအရောင်ရောဂါပျောက်၏ ။
 
၂ ။ ခါးနာခြင်း ၊ ဒူးရောင်ခြင်း ရောဂါများအတွက် အရွက်ကို နွမ်းအောင် မီးခဲနှင့်ကပ်၍ အပူဓာတ်မကုန်မီ နာသော နေရာနှင် ရောင်သော နေရာများတွင် တစ်နာရီခန့် စည်းပေးက ပျောက်၏ ။

၁ ။ ဥကို သွေးလိမ်းပါက အနာမီး ၊ အနာလျှံ ပျောက်၏ ။ သို့သော် ယား၏ ။
 
၂ ။ အဆိပ်သင့်ပါက လျှာကို ပွတ်ရုံနှင့် ပျောက်ကင်းစေသည့် နန်းတွင်း လျှာပွတ်ဆေးတွင် ကိုယ်ရံကြီးဂမုန်းကို အထူးထည့်သွင်း အသုံးပြုကြ၏ ။

ကရမက်


အသုံးပြုပုံ-
အမြစ် ၊ အသား
၁။ သွေး၍ လိမ်းခြင်းဖြင့်လည်းကောင်း ၊ သောက်ခြင်းဖြင့်လည်းကောင်း ၊ သလိပ်ကြေစေပြီး နှလုံးရောဂါ ၊ ဆီးရောဂါ ၊ ညောင်းကျရောဂါများ ပျောက်ကင်း၏။
 
၂။ သွေးလိမ်းခြင်းဖြင့် ကိုယ်သားကိုယ်ရေကို အေးမြစေပြီး ယားယံခြင်း ပျောက်၏ ။

ကပ်စေးနဲ(နွားမြီးကပ်)


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို ငရုတ်ကောင်း နှင့် ကြိတ်၍ ည နံနက် တစ်ကြိမ်ကျ သောက်သော် ညောင်းကျရောဂါပျောက်၏။
 
၂ ။ အရွက်နှင့် နှမ်းနက်ကို ဆတူကြိတ်၍ မီးနွေးနွေးဖြင့် ချက်ပြီး ဖောရောင် သည့်နေရာများကို လိမ်းပေးသော် ပျောက်၏ ။

အမြစ်
၁ ။ အမြစ်အလေးချိန်တစ်ဆ ရေဆယ်ဆထည့်၍ ထက်ဝက်ခန်း ကျိုပြီး အဖျားပြင်းထန်သူများအား တစ်နေ့ ၂ -၃ ကြိမ် တိုက်သော် အဖျားသက်သာပျောက်ကင်း၏ ။
 
၂ ။ အမြစ်ခေါက်မှုန့်နှင့် သကြားခဲ ဆတူရော၍ နွားနို့နှင့် တစ်နေ့ ၂ ကြိမ် သောက်သော် သုတ်ဓာတ်နည်းခြင်း ပျောက်၍ ကာမသတ္တိ တိုးစေ၏။
 
၃ ။ အမြစ်ကို ရေနှင့်သွေး၍ တစ်နေ့ ၂ ကြိမ်ကျ လိမ်းပေးသော် နို့ပျဉ်းကျခြင်း ပျောက်၏ ။
 
၄ ။ အမြစ်မှုန့်ကို နွားနို့များများနှင့် အမြှပ်ထအောင် မွှေ၍ တစ်နေ့ ၂ ကြိမ်သောက်သော် ပန်းနာ ချောင်းဆိုးရောဂါပျောက်၏ ။