Tuesday, January 15, 2013

မင်းကိုကာ


အသုံးပြုပုံ-
မြစ်ဥ
၁ ။ အမြစ်ကို ဝမ်းနှုတ်ဆေး ၊ အားဆေး ၊ မီးယပ် ဆေး၊ လေမျိုး ရှစ်ဆယ် ဆေးအဖြစ် ဖော်စပ် အသုံးပြု ၏။
 
၂ ။ အမြစ်မှုန့် ကို ဆား စိမ်းနှင့် ရော၍ သောက်သော် ဆီးအောင့် ညောင်းကျ ရောဂါ ပျောက်ကင်း ၏။
 
၃ ။ မင်းကိုကာ နှင့် ရှဉ့်မတက် ဥ ဆတူ ကျို၍ သောက်သော် အဆစ်ရောင် ရောဂါ ပျောက်၏ ။

၄ ။ အမှုန့်ကို ဆန်ဆေးရည် နှင့် ဖျော်သော်က ဆင်ခြေ ထောက်ရောဂါ ပျောက်၏ ။
 
၅ ။ မင်းကိုကာ အမှုန့်ကို ရှဉ့်မတက် ဥ ကြိတ်ညှစ်ရည် တွင် စိမ်၍ နေလှန်းခြင်း ၇ ကြိမ် ပြုပြီးနောက် အမှုန့် ထောင်း ကာ ယင်းအမှုန့် ၈ ပဲသား ခန့်ကို ထောပတ်နှင့် နေ့စဉ် သုံးဆောင် က သုက်ဓာတ်ပွား များ၍ ကာမစွမ်းအင် တိုးတက် စေ၏ ။

ဘုမ္မသိန်


အသုံးပြုပုံ-
အရွက်
၁။ ဘုမ္မသိန် ရွက် ကို သူငယ်နာ အုပ်ဆေး ၊ အစာကြေဆေး ၊ လေငန်း ရောဂါ ပျောက်ဆေး နှင့် အရေပြား ရောဂါ ကု ဆေးများတွင် ထည့်သွင်း အသုံးပြု သည်။
 
၂။ အရွက် မှ ဆေးဖော် စပ်ရာတွင် အသုံးပြုသည့် ပရုတ်များ ထုတ်လုပ် နိုင်သည်။
 
၃။ အရွက် ပြုတ်ရည်နှင့် ရေချိုး ပေးလျှင် ကိုယ်ဖော ကိုယ်ရောင် သောရောဂါ ပျောက်၏ ။

၄။ အကြောဆွဲ ၊ ခြေသေ ၊ လက်သေ ၊ လေမလျှောက် ၊ ကိုယ်တစ်ခြမ်းလေး ၊ အခိုးမပွင့် သည့်ရောဂါ ၊ လေငန်း ဖြစ်စ ရောဂါ ၊ ကိုယ်လက် ကိုက်ခဲသည့် ရောဂါ များကို ဘုမ္မသိန် ၊ အရက် ၊ နှမ်းဆီ ၊ သံပရာ ရည်များနှင့် ဖျော်စပ် လိမ်းပေးလျှင် သက်သာ ပျောက်ကင်း၏။
 
၅။ ပန်းနာ ၊ ချောင်းဆိုးနာ ၊ ဆီးရောဂါ ပျောက်ဆေး ၊ အဆိပ် ပြေဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု၏ ။
 
အစေး
၁။ ဘုမ္မသိန် အစေးကို သွားတွင် ထည့်ပေးသော် သွားနာ ကျင်ကိုက်ခဲ ခြင်း ၊ သွားမကောင်းခြင်း ပျောက်ကင်း၏ ။
 
အမြစ်
၁။ အပင်လုံး နှင့် အမြစ်ကို အအေး မိခြင်း ကုသရာ၌ အသုံးပြု ၏ ။
မှတ်ချက်။ ။ ဆေးပင်ပေါက် ပြီး ၁၀ လ မှ ၃ နှစ် အတွင်း (ဒုတိယ အရွယ်) သည် ဂုဏ်သတ္တိ ရသ အပြည့်ဆုံး အရွယ် ဖြစ်သဖြင့် ယင်းအရွယ် ရှိ အပင်ကို သာ ဆေး အဖြစ် သုံးရန် အလွန် သင့်လျော်သည်။

ဗုဒ္ဓသရဏပင်


အသုံးပြုပုံ-
အပွင့်နု အသီးနု 
၁။ ရေနွေး ဖြော၍ တို့စားခြင်း၊ သုပ်စား ခြင်းဖြင့် ဆီးနည်းခြင်း ချုပ်ခြင်းကို ပျောက်ကင်း စေရုံ မက အဖျား ရောဂါ ကိုပင် ပျောက်ကင်း စေ၏။
 
၂။ ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသား တို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။

၃။ အပွင့် ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်း ချက်ရာတွင် လောင်း၍ ချက်ပြီး စားပါက မြီးညှောင့်ရိုး ကိုက်သော ရောဂါ၊ ခါးကိုက်ခဲ သောရောဂါ၊ ပိတ်ဝမ်း ရောဂါ တို့အား ပျောက်ကင်းစေ ရုံမက ဇက်ကြောတက် ရောဂါ၊ အနာ ရင်းသော ကြောင့် နာကျင် ကိုက်ခဲသော ရောဂါ ၊ ဝမ်းပျက် ၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ် ချွဲခြင်း စသော ရောဂါ များ ပျောက်ကင်း စေသည်။
 
အမြစ်-- 
၁။ ပြုတ်ကျို၍ လက်ဖက်ရည် အကြမ်း ပန်းကန် တစ်ဝက်ခန့် တွင် ဆားပုပ်မှုန့် အနည်းငယ် ခတ်၍ သောက်က အဖျား ရောဂါ ပျောက်ကင်းသည့် အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ် ကပ် ရောဂါ များ ပျောက်၏။
 
၂။ထန်းလျက် နှင့် ပြုတ်ကျို၍ အကြမ်း ပန်းကန် တစ်လုံးခန့် နံနက်တိုင်း သောက် ပါက အဖျဉ်းရောဂါ ပျောက်စေ သည့်အပြင် ကိုယ်လက် နာကျင် ကိုက်ခဲခြင်း နှင့် ဝမ်းထဲ ရစ်၍ နာကျင် ခြင်း၊ အသားအရေ နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်း တို့ မြန်မကြာ ပျောက်စေသည်။
 
ဥတက်-- 
၁။ ဓားနှင့် ပါးပါး လှီးပြီး အခြောက် လှန်း၍ ထန်းလျက် နှင့် ယိုထိုး ကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျ်ား မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊ သွေးဆုံး ၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊လိပ်ခေါင်း၊ ပန်းညှိုး၊ အသား အရေ ခြောက်ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ ၊ ထုံကျင် ကိုက်ခဲခြင်း နှင့် အသားဝါ ရောဂါ များ ပျောက်ကင်း စေသည်။
 
၂။ဥပြုတ်ရည် ကို ဒိုပါလာ သကြားနှင့် ဖျော်ပြီး နံနက် ည လက်ဖက်ရည် အကြမ်း ပန်းကန်လုံး တစ်လုံးကျ သောက်ပေးက အမျိုးသမီးများ အဖြူ အနီ ဆင်းခြင်း၊ မစားချင် မသောက်ချင် ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သား ကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊ အသားအရေ ပူ၍ ပြာနှမ်းနှမ်း ဖြစ်ခြင်း၊ ခေါင်း ဦးရေ ကျိန်းခြင်း၊ အကြော အခြင် တင်းခြင်း၊ဝမ်းဖော ဝမ်းရောင် ခြင်း၊ သွေးပုပ် ဆန်ခြင်း နှင့် ဆီးရောဂါ ဖြစ်ခြင်း များကို ပျောက်ကင်း စေသည်။

ဖာလာဖြူ


အသုံးပြုပုံ-
အစေ့--
၁။ ဖာလာစေ့ ကို အနည်းငယ် ည နံနက် အချိန်မှန် စားပါက ခေါင်းကိုက် ရောဂါ ပျောက်၏။
 
၂။ဖာလာစေ့ ကို လှော်၍ မုတ္ထကျီးဆေး နှင့် စားသော် ဆီးပူ ရောဂါ ပျောက်၏။
 
၃။ဖာလာစေ့ နှင့် ပိတ်ချင်းမြစ် တို့ကို အမှုန့်ပြု၍ ထောပတ်နှင့် ရောလျက်သော် နှလုံးရောဂါ ပျောက်၏။

၄။မီးယပ် ငုပ်ခြင်း၊ ထိမ်ချန်ခြင်း နှင့် မီးယပ်သွေး ဆုံးနာများ အတွက် ဖော်စပ်သော မီးယပ်ဆေး တွင် ဖာလာကို ထည့်သွင်း အသုံးပြု၏။
 
၅။ကျောက်ငန်း ကျောက်ရူး ရောဂါ အတွက် ဖော်စပ်သော ကျောက်ဆေး များတွင်လည်း ဖာလာကို သုံး၏။
 
၆။ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ လည်ချောင်း နာခြင်း စသော ရောဂါ များအတွက် ဖာလာစေ့ ကို ကြိတ်၍ ပျားရည် သို့မဟုတ် သကာနှင့် ရောလျက် ပေးရသည်။

ပုန်းညက်


အသုံးပြုပုံ-
အရွက်
၁။ အရွက်ကို ရေတွင် စိမ်၍ မျက်စဉ်း ခတ်ပေး လျှင် မျက်စိ ပူလောင် ခြင်း ပျောက်၏။
 
အခေါက်
၁။ အခေါက် ပြုတ်ရည် သောက်ခြင်း ဖြင့် ဝမ်းသက် စေသည်။
 
၂။အခေါက် ကို ပြုတ်၍ သောက်ပါက သွေးသွန် ခြင်း ပျောက်၏။

၃။အခေါက် မှ ထုတ်ယူ ရရှိ သော အစေး ကို ဒဏ်ရာများ နှင့် အနာ များ အတွက် ဖော်စပ် သော ဆေးတွင် ထည့်သွင်း အသုံးပြုသည်။
 
အစေ့
၁။ အစေ့ မှ အဆီ ထုတ်၍ အကြော အဆစ် ကိုက်ခဲ သော ရောဂါ၊ ညောင်းကျ ရောဂါ၊ နူနာ နှင့် အခြား အရေပြား ရောဂါ များအတွက် ဆေးဖော်စပ် သုံးသည်။

ပိတ်ချင်း


အသုံးပြုပုံ-
အသီး
၁။ ပိတ်ချင်းသီး ကို ရေနှင့် သွေး၍ မျက်စဉ်း ခတ်ပါက ဇက်ကြော တက်ခြင်း၊ ထိုင်းမှိုင်းခြင်း ပျောက်၏။
 
၂။ အဆိပ် ရှိ သတ္တဝါ များ ကိုက်သော နေရာတွင် သွေး၍ လိမ်းပေး ပါက အဆိပ် များ ပြယ်၏။
 
၃။ပိတ်ချင်းသီး အမှုန့် ကို ရေနွေး နှင့် သောက်ပါက သန်ကျ၏။ ရင်နာ ၊ ရင်အောင့် ခြင်းလည်း ပျောက်၏။ ပျားရည် နှင့် ရော၍ လျက်ပါက သွေးလွန် သွေးကျ ရောဂါ ပျောက်ကင်း ပြီး အားအင် ပြည့်ဖြိုးစေ၏။

၄။ငှက်ဖျား ၊ တုန်ဖျား၊ တုပ်ကွေးဖျား စသော ရောဂါ များ အတွက် ပိတ်ချင်းသီး တောင့်ကို ထန်းလျက်၊ ချင်းတို့ နှင့် ရောကျို သောက်ခြင်းဖြင့် အဖျားကျ ပြီး အညောင်း အညာ အကိုက် အခဲ ပြေစေသည်။
 
၅။ပိတ်ချင်းသီး တောင့် ကို ဝါးပေး ခြင်းဖြင့် သွားနာ သွားကိုက် ပျောက်၏။
 
အမြစ်
၁။ လေဖြတ် ၍ အဆစ် များ ရောင်ခြင်း၊ ခါးကိုက် ခြင်းတို့ ဖြစ်ပါက အမြစ်မှုန့် အနည်းငယ် ကို ရေနွေး နှင့် သောက်ရသည်။

ပရန္နဝါ


အသုံးပြုပုံ-
အရွက်
၁။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။
 
၂။ အရွက်ကို ငါးကြင်း သားနှင့် ချက်စား ပါက ကိုယ်တစ်ခြမ်း သေရောဂါ ပျောက်၏ ။
 
၃။ မီးဖွား ပြီးစ အမျိုးသမီး များ နို့မထွက် လျှင် ပရန္နဝါ ရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့် နို့ လျင်မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက် နှင့် သကျည်း ကိုက်ရောဂါ များလည်း ပျောက်ကင်း စေ၏။

၄။ ပရန္နဝါ ရွက်ကို ငါးပနော်နှင့် ကြော်ချက် စားခြင်း ၊ ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊ အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင် ရောဂါ ၊ ရေဖျဉ်း ၊ မြင်းသရိုက် ၊ လေနာ သလိပ်နာ ၊ အစာ မကြေ ရောဂါများ ပျောက်၏ ။
 
၅။ ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်း ခြင်းများ အတွက် အရွက် ကို ထုထောင်း ၍ ကြပ်စည်း ပေးရ၏ ။
 
အမြစ်
၁။ အမြစ်မှုန့် ကို သကြားနှင့် စားသော် ချောင်းခြောက်ဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းများ ပျောက်၏ ။ ပျားရည်နှင့် လျက်ပေးသော် ပန်းနာ ရောဂါ ပျောက်၏ ။
 
အပင်
၁။ ပရန္နဝါ ကို ကြိတ်မှန် ရွက် နှင့် ရောသောက် သော် မီးယပ် ရောဂါ ပျောက်၏။
 
၂။ ဒန့်ကျွဲ စေ့နှင့် ရော၍ စားခြင်း ၊ လိမ်းခြင်း ပြုသော် ပွေးနာ ပျောက်၏ ။
 
၃။ တောင်သာ ဆရာမ မုန်း၏ ဆေးညွှန်း အရ ` ပရန္နဝါ ပါးပါး လွှာ ၊ သကာ ပျားရည်နှင့် စပ် ၊ ဒန့်သလွန် ပွင့် အုန်းဆံရင့် ချင့်၍ လျော်အောင် စပ်၊ မင်းတုန်းမင်းခေါင် သူသုံး ဆောင်၊ ဘုန်းရောင်နေ သို့တက် ၊ ဒန္တာသံ မှိုနှက် ၊ အသံ ကရဝိတ်ငှက် ၊ ကေသာ ပိတုန်းရောင် နက်´ ဟူ၍ ဖော်ပြ ထားသည်ကို တွေ့ရသည်။

ပဒဲကောကြီး


အသုံးပြုပုံ-
ဥတက်
၁။ပတဲကောကြီး ကို ဝမ်းကိုက် ရောဂါ၊ သွေးဝမ်းကျ ရောဂါ၊ ပန်းနာရောဂါ၊ နှလုံး ရောဂါ ပျောက် ဆေးများ အဖြစ် ဖော်စပ် အသုံးပြု၏။
 
၂။ဆီးခဲလျှင် ပတဲကော ကို ဆန်ဆေးရည် နှင့် သွေးသောက်က ဆီးရွှင်စေ၏။
 
၃။ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက ချောင်းဆိုး ရောဂါ ပျောက်၏။

၄။ပတဲကောကြီး နှင့် စမုန်ဖြူ၊ ဆားမီးဖုတ် တို့ကို အမှုန့် ပြု၍ အနည်းငယ်မျှ လျက်ပေး သော် ရင်နာ၊ ဝမ်းနာ ပျောက်၏။
 
၅။ဆီးအိမ်တွင် ဆီးရှိလျက် ဆီးအောင့် ဆီးချုပ်နေမူ ပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက် သော် ပျောက်၏။
 
၆။အဖျား ရောဂါ များ အတွက် အဖျားကို နိုင်စေ သော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။
 
၇။ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောဆား တို့ကို ဆတူ စပ်၍ အမှုန့်ပြု သောက်သော် အစာ မကြေ ရောဂါ ပျောက်ကင်း၏။

ပဒိုင်းညို


အသုံးပြုပုံ-
အရွက်
၁။အရွက် ကြိတ်ညှစ်ရည် အနည်းငယ် ကို မလိုင်ထုတ် ပြီး နွားနို့နှင့် သောက်ပါက ညောင်းကျ ရောဂါ ပျောက်၏။
 
၂။မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ် နှင့် ရောင်ရမ်းခြင်း တို့အတွက် ပဒိုင်းရွက် နှင့် နနွင်းကို ကြိတ်အုံ ပေးသော် ပျောက်၏။
 
၃။ပဒိုင်းရွက် ကို ပါးပါး လှီး နေလှန်းပြီး ဆေးလိပ် ကဲ့သို့ လိပ်၍ သောက်ရှူ သော် လတ်တလော ပန်းနာ ရင်ကျပ် ဝေဒနာမှ သက်သာ စေ၏။

၄။အရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။
 
၅။အရွက် ကို ဆေးပေါ့လိပ် တွင် ထည့်၍ သောက်ခြင်း အားဖြင့် ပန်းနာ ရောဂါကို သက်သာ စေသည်။
 
အစေ့
၁။အစေ့ကို ကြိတ်၍ သွားဖုံးရင်း တွင် အနည်းငယ် ခန့် သိပ်ပေးသော် သွားကိုက်၊ သွားနာခြင်း ရောဂါများ ပျောက်၏။
 
၂။အစေ့ သို့မဟုတ် အမြစ် ကို ကာမ အားတိုးဆေး အဖြစ် သုံး၏။
 
၃။အစေ့မှုန့် ကို နှမ်းဆီ တွင်၇ ရက် စိမ်ပြီး ယင်းဆီဖြင့် ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ခါးကိုက်၊ဒူလာ ခြေနာ များကို သုတ်လိမ်း၍ အဝတ်ပါးပါး စည်းထားက ပျောက်၏။ ဓမ္မတာ လာစဉ် ကိုက်ခဲခြင်း အတွက် လည်း ဆီးခုံ၌ သုတ်လိမ်း ပေးခြင်းဖြင့် ပျောက်၏။
 
အမြစ်
၁။ခွေးရူးပြန် ရောဂါအတွက် ပဒိုင်းမြစ် ကို ဆန်ဆေးရည် နှင့် သွေး၍ တိုက်ပြီး အမဲခြောက် ဖုတ် ကျွေးက ပျောက်၏။

ပဒဲကောလေး

အသုံးပြုပုံ-
အမြစ်ဥ--
၁။ပတဲကောလေး မြစ်ဥ ကို ပြုတ်၍ သောက်သော် ဆီးလွန် ရောဂါ ပျောက်ကင်း၏။
 
၂။ယင်းကို ဆီနှင့် ချက်၍ လိမ်းနယ် ပေးသော် အကြောတက်ခြင်း၊ လေးလံ ခြင်း ရောဂါ ပျောက်ကင်း၏။
 
၃။ကလေးများ စကား ပြောချိန် တန်လျက် မပြောခြင်း၊ မပီသခြင်း တို့အတွက် အမြစ်ကို သွေး၍ လျှာပွတ်ပေး ခြင်း၊အနည်းငယ် ခွံ့ပေးခြင်း ပြုပါက လျင်စွာ စကား ပြောစေ၏။

Monday, January 14, 2013

ပြည်ပန်းညို


အသုံးပြုပုံ--
အရွက်-- 
၁။ အရွက် ကြိတ်ညှစ်ရည် ကို နို့ရည် သကြားတို့နှင့် သောက်လျှင် ဆီးအောင့် ရောဂါ နှင့် ညောင်းကျ ရောဂါ ပျောက်စေ၏။
 
၂။ ပြုတ်၍ ပုစွန်ခြောက် ဖြင့် သုပ်စားက လေထိုး လေအောင့် ရောဂါ၊ လေလုံး ရောဂါ၊ အဖျား ရောဂါ ၊ဆီးချို ရောဂါ၊ ညောင်းကျ ရောဂါ ပျောက်၏။
 
၃။အမှုန့် ပြု၍ စားပါက လေရောဂါ၊ အပူရောဂါ၊ ဆီးအောင့် ရောဂါ များ ပျောက်၏။
 
၄။အရွက် ကို ဟင်းချို ချက်သောက် က ပိတ်ဝမ်း ရောဂါ၊ သွေးဝမ်း ရောဂါ၊ လေရောဂါ၊အစာ မကြေ ၊ သည်းခြေ ပျက် ရောဂါ များ ပျောက်၍ အားကို ဖြစ်စေ၏။

ပင်စိမ်းမွှေး


အသုံးပြုပုံ-
အရွက်
၁ ။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။

Sunday, January 13, 2013

ပင့်ကူထိပ်ပိတ်


အသုံးပြုပုံ--
အရွက်--
၁။ မြွေကိုက်သော အနာကို ပင့်ကူ ထိပ်ပိတ် ရွက်သည် အထူး နိုင်နင်း၏။ ပင့်ကူ ထိပ်ပိတ် ရွက်ကြိတ်၍ ရသော အရည် ကို တိုက်ခြင်း၊ နှာခေါင်း တွင်းသို့ ထည့်ပေးခြင်း ဖြင့် မြွေဆိပ်ကို ကျဆင်း ပြေပျောက် စေ၏။
 
၂။ပင့်ကူ ထိပ်ပိတ် ရွက်ကို ကြိတ်၍ ရသော အရည်၌ ပိတ်ချင်းသီး မှုန့် အနည်းငယ် ရောသောက် သော် အကြော ၊ အဆစ် ရောင်ရောဂါ ပျောက်၏။
 
၃။အရွက် ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းပေး ပါက ယားယံ ခြင်းကို ပျောက်ကင်း စေ၏။

ပဉ္စငါးပါး--
၁။ ပဉ္စငါးပါး ကြိတ်ညှစ် ရည်တွင် ငရုတ် ကောင်းမှုန့် အနည်းငယ် ရောစပ်၍ နဖူး ကို သုတ်လိမ်း ပေး သော် ခေါင်းကိုက် ရောဂါ ပျောက်၏။
 
၂။ပင့်ကူ ထိပ်ပိတ် ကြိတ်ညှစ်ရည် တွင် လက်ချား မီးပေါက်မှုန့် ၊ ပျားရည် အနည်း ငယ် ရောစပ် တိုက်သော် သူငယ်နာ ချောင်းဆိုး ရောဂါ ပျောက်၏။
 
၃။အပင် ပြုတ်ရည်၌ လေးညှင်း ၁ ပွင့် ၂ ပွင့် ထည့်သောက် သော် အဖျား ပျောက်၏။
 
၄။ကိုယ်သား ကိုယ်ရေ ဝါသော ရောဂါ နှင့် သုက်ခန်းသော ရောဂါ အတွက် ပင့်ကူ ထိပ်ပိတ် ပင်ကို ပြုတ်သောက် ခြင်း ၊အရည်ညှစ် သောက်ခြင်း၊ အမြစ် ကို သွေး၍ လည်းကောင်း၊ ကြိတ်ညှစ်၍ လည်းကောင်း သောက်ခြင်း၊ အရွက်၊ အပွင့် ၊အသီး တို့ကို ပြုတ်တို့၊ သုပ်စား ၊ချက်စား ခြင်းဖြင့် လည်းကောင်း ပျောက်ကင်း စေနိုင်၏။(ဆေး အဖြစ် သုံးခြင်း၌ သကြား အနည်း ငယ် စပ်၍ သုံး ရ၏။)

Saturday, January 12, 2013

နီပါးဆေးပင်(တောရဲယို)


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို ကြိတ်၍ အနာ ပေါ်တွင် အုံပေးပါ ကအနာ နုလျှင်ပိန် ပြီးရင့်လျှင် ပြည်ပေါက်၍ ပျောက်စေ၏။
 
၂။ အရွက်ကို ပြုတ်သောက်လျှင် မုန်ညင်းစေ့ နှင့် ရောသောက် ၍ ကလေး များ သွေးဝမ်း သွားသော်တိုက် ရ၏။
 
၃ ။ အရွက်ပြုတ် ရည်ကို မုန် ညင်းစေ့ နှင့် ရော၍ကလေးများ သွေးး ဝမ်း သွားသော် တိုက်ရ၏ ။

၄ ။ အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်အ ဆက် ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း ၏ ။
 
အသီး
၁ ။ အသီးကို မီးဖုတ်၍ ဆားသင့်တော် ရုံထည့်ကြိတ် ပြီးသွားတိုက် ဆေးအဖြစ် သုံးပါက သွားနှင့်သွား ဖုံးများကို ခိုင်ခံ့စေ ၏။
 
၂ ။ အနာမှ သွေးစိမ်းယို သောအခါ တွင်၎င်းအ သီးခြောက်မှုန့် ကို သိပ်ပေးက ပျောက်၏ ။
 
အမြစ်
၁ ။ အမြစ်ကို ဝမ်းနုတ်ဆေး အဖြစ်ဖော် စပ်အသုံး ပြု၏ ။

နန်းလုံးကြိုင်


အသုံးပြုပုံ-
အခေါက်  
၁ ။ အခေါက်ကို ထက်ဝက်ခန်း အောင်ပြုတ်၍ ဖန်ရည် အဖြစ် ်ပလုတ် ကျင်းခြင်း၊ ငုံခြင်းပြု လုပ်ပါက သွားနာကျင် ခြင်း ၊ သွားဖုံးများ ရောင်ခြင်း ၊ သွားဖုံးများမှ ပြည်ယိုခြင်း နှင့် သွေးများ ယိုစီးခြင်း များပျောက်သည်။
 
၂ ။ အခေါက်ကို ပြုတ်၍ အနည်းငယ် မျှသောက်ပါက အလွန်အမင်း သွားသော ဝမ်းရောဂါ ပျောက်၏ ။
အရွက် ၁ ။ အရွက်ကို ကြိတ်၍ ဆီးကင်းခန့် လုံးပြီး နံနက်ည တစ်လုံးစီ သောက်က ညောင်းကျ ရောဂါ ပျောက်စေသည်။

နံနံပင်


အသုံးပြုပုံ-
အစေ့
၁။ နံနံစေ့အား ဆီးဖြူသီး နှင့် ညဦးမှ နေ၍ စိမ်းထားပြီး နံနက်တွင် စစ်၍ သကြားခဲ နှင့် ရောသောက်သော် ခေါင်းကိုက်ရောဂါ ပျောက်၏ ။
 
၂ ။နံနံစေ့ကို ချင်းခြောက်နှင့် ရောပြုတ်ပြီး အစာစား ပြီး တိုင်း သောက်ပါက ဝမ်းမီး ကောင်းလာစေသည်။
 
၃ ။နံနံစေ့ကို သကြားနှင့် ပြုတ်ပြီး အအေးခံ ၍ ဆန်ဆေး ရည်နှင့် ရောသောက်ပါက မိန်းမများ ကိုယ်ဝန်တည်စ ဖြစ်သော အန်ခြင်း ၊ပျို့ခြင်း ၊ နှလုံးနာခြင်း များ ပျောက်၏ ။

၄ ။ နံနံစေ့ မှုန့်နှင့် သကြားကို ရော၍ စားခြင်းဖြင့် အပူကြောင့် ဖြစ်သော အဆစ်အမျက် ကိုက်ခဲခြင်း များ ပျောက်ကင်းစေနိုင်၏ ။
 
၅ ။ နံနံစေ့ကို ဝါး၍ အရည်မျို ချပါက လည်ချောင်းနာ ခြင်း ပျောက်ကင်းသည်။
 
၆ ။ နံနံစေ့ကို ဆန်ဆေးရည် တွင်စိမ်၍ သကြားသင့် ရုံရောပြီး တိုက်ပါက ကလေးများ ချောင်းဆိုး ပန်းနာ ပျောက်ကင်း၏ ။

ဆူးပုပ်ကြီး


အသုံးပြုပုံ-
အရွက်
၁ ။ ဆူးပုပ်ရွက်ကို စားခြင်းဖြင့် အသားမာပေါက်ခြင်းကို ပျောက်စေသည်။
 
၂။ အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေကို လည်းကောင်း၊ အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်၏။
 
၃။ အစာမကြေရောဂါ၊ သွားဖုံးမှ သွေးယိုစီးခြင်း ရောဂါများ အတွက်လည်း သုံး၏။

ဆီးဖြူပင်


အသုံးပြုပုံ-
အသီး
၁။ဆီးဖြူသီးသည် အသက်ကိုရှည်စေ၏။ ချောင်းဆိုး ၊ ပန်းနာ၊ လေနာတို့ကို ပျောက်ကင်းစေ၏။
 
၂။သွေးဝမ်းသွားလျှင် ဆီးဖြူသီးအစိမ်းကို ထောင်း၍ အရည်ညှစ် ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေသည်။
 
၃။ဆီးဖြူသီးအခြောက် သို့မဟုတ် အစိုကို သွေး၍ သံပရာရည် အနည်းငယ်ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သော ယားယံနာ၊ ပွေးညှင်း၊ တင်းတိပ်များကို လိမ်းပေးက ပျောက်၏။

၄။ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ပျားရည်၊ သကာရည်နှင့် နယ်စားက ဆီးပုပ်ရောဂါ ပျောက်၏။
 
၅။ဆီးဖြူသီးခြောက်ကို ငါးရှဉ့်သားနှင့် ချက်စားက ဒူလာ သွေးဝမ်းကျ ရောဂါ ပျောက်၏။ ၆။ဆီးဖြူသီးကို အညက်ကြိတ်၍ ထိပ်က အုံပေးပါက နှာခေါင်းသွေးလျှံ ခြင်း ပျောက်၏။
 
၇။တောဆီးဖြူ သို့မဟုတ် တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါး ပြုတ်သောက်က ဆီးချိုရောဂါ ပျောက်ကင်း၏။
 
အရွက်
၁။အရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်းပေးခဲ့သော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီးကမ်းပြိုဖြစ်ခြင်းများ တစ်ခဏချင်း ပျောက်ကင်း၏။
 
၂။ဆီးဖြူရွက်နုများကို ပုန်းရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ဝမ်းသက်ခြင်းများ ပျောက်ကင်း၏။
 
၃။ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တတ်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်၏။
 
၄။မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရ၏။
 
အစေ့
၁။အစေ့ကို ထုထောင်းခြေပြီးလျှင် ရေနွေးနှင့် ပြုတ်၍ မျက်စိကို ဆေးကြောပေးသော် မျက်စိ၌ ဖြစ်သောရောဂါများ ပျောက်ကင်း သက်သာစေနိုင်၏။

ဆိတ်ဖလူး


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို ကြိတ်၍ ရသော အရည်ကို ပျားရည် သို့မဟုတ် သကြားနှင့် ရောစပ်သောက်ပါက သည်းခြေရောဂါ ၊ နာတာရှည်ရောဂါ အဖျား ရောဂါများ ပျောက်ကင်း၏။
 
၂ ။ ယင်းအရွက်ကြိတ်ရည်တွင် ဆားအနည်းငယ်ခတ်၍ သောက်က သန်များကို ကျစေသည်။
 
၃ ။ အရွက်ကို ရေနွေးဖြောသောက်ပါက သူငယ်နာအဖျားနှင့် သူငယ်နာရောဂါများ ပျောက်ကင်းစေ၏ ။

၄ ။ အရွက်ကို ကြိတ်၍ လိမ်းသော် ပွေးနာပျောက်၏ ။
 
၅ ။ အရွက်ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျားရောဂါ ပျောက်ကင်း၏  
၆ ။ ကလေးငယ်များ ဝမ်းသက် ၊ ဝမ်းသွားပါက ၎င်းအရွက်ကို ညှစ်၍ တိုက်ပါက ပျောက်ကင်း၏ ။
 
၇ ။ အရွက်ကို မီးအနည်းငယ်ဖြင့်ပြုတ်သောက်ပါက တင်ကြောနာသောရောဂါ ပျောက်ကင်း၏ ။ ငရုတ်ကောင်းနှင့် ရော၍ ကြိတ်စားလျှင် မီးယပ်သွေးလွန်ရောဂါပျောက်၏ ။
 
၈ ။ အရွက်ကို ညှစ်၍ သောက်ပါက မြွေဆိပ်ပြယ်စေသည်။
 
၉ ။ အရွက်ကို ရေနှင့် ထက်ဝက်ခန်းကျို၍ သောက်ပါက ဆီးလွန်ရောဂါ ပျောက်၏ ။
 
၁၀ ။ အရွက်ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာ ပျောက်ကင်း၏ ။
 
အပွင့်
၁ ။ အပွင့်ကို ပြုတ်၍သောက်ပါက အဆစ်အမျက်ရောင်ရောဂါ ပျောက်ကင်း၏။
 
အခေါက်
၁ ။ အခေါက်ကို မျက်စိနာရောဂါအတွက် သုံး၏ ။
 
၂ ။ အခေါက်ကို ကွမ်းယာ၌ ထည့်စားသော် ချောင်းဆိုးပျောက်၏ ။
 
ပဉ္စငါးပါး
၁ ။ ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အဖျဉ်းကြီးလရောဂါပျောက်၏။

ဆယ့်နှစ်ရာသီပင်


အသုံးပြုပုံ-
အပွင့် နှင့် အရွက်
၁ ။ အပွင့် သို့မဟုတ် အရွက်ကို ရေနှင့် နယ်ပြီး ၎င်းရေကို သံလွင်ဆီနှင့် ဆီသက်သက် ကျန်အောင် ချက်၍ ယားနာ ၊ အရေပြားနာများကို လိမ်းပေးက ပျောက်ကင်း၏ ။
 
၂ ။ အရွက်ကို ပြုတ်၍ ကြိတ်ပြီး ဆီနှင့် ရောလိမ်းပါက အဆစ် အမျက် ကိုက်ခဲခြင်း ပျောက်၏ ။

အမြစ်
၁ ။ အမြစ်ကို သွေး၍ မုန်ညင်းဆီနှင့် ရောချက်လိမ်းလျှင် အရေပြားနာ ပျောက်စေ၏ ။
 
၂ ။ အမြစ်ကို ရေနှင့် သွေးလိမ်းလျှင် ပွေးနာပျောက်၏ ။
 
အခေါက်
၁ ။ အဖျားကျဆေးအဖြစ် လည်းကောင်း ၊ အပူလောင်ခြင်းနှင့် ပွေး ၊ ယားနာများအတွက် လည်းကောင်း သုံး၏ ။