Tuesday, January 15, 2013

ကြစု ၊ ဖန်ခါးငယ်


အသုံးပြုပုံ-
အသီး
၁ ။ ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးသော် လေရောဂါ ပျောက်၏ ။

၂ ။ ကြစုသီးကို ထုခြေ၍ ဆေးတံတွင်ထည့်သောက်သော် ပန်းနာရောဂါ ပျောက်၏။
 
၃ ။ ကြစုသီးကို မုန့်ကျွဲသည်းကဲ့သို့ ကျိုစားသော် ဝမ်းတစစ်စစ် သက်သော ရောဂါ ၊ အစာမကြေ ဝမ်းသက်ရောဂါ ပျောက်၏ ။

၄ ။အသားကျယ်ပြန့်စွာ စားတတ်သော အနာကို ကြစုသီးငါးခွက်တစ်ခွက်တင်ပြုတ်၍ ဖန်ရေဆေးပေးရ၏ ။
 
၅ ။ ကြစုသီးကို ရေနှင့်သွေး၍ ပျားရည်၊ နှမ်းဆီတို့နှင့် ရောပြီး မီးလောင်သောနေရာ ၊ ရေနွေးပူလောင်သော နေရာတို့၌ လိမ်းကျံပေးရ၏။
 
၆ ။ ကြစုသီးမှုန့်ဖြင့် သွားတိုက်သော် သွားဖြူ၏ ။ သွားရောဂါပျောက်၏ ။ အသီးကို ရှားစေးနှင့် ပြုတ်ငုံသော် သွားခိုင်၏။ ကြစုသီးကို ငါးခွက်တစ်ခွက်တင် ကျို၍ ပျားရည်နှင့်ရောသောက်သော် အမျိုးမျိုးသော ခံတွင်း ရောဂါများပျောက်၏။
 
၇ ။ ကြစုသီးနှစ်ကို ကြိတ်၍ ခေါင်းတွင် လိမ်းပေးသော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏။
 
၈ ။ ကြစုသီးကို တစ်ညလုံး ရေနှင့် စိမ်ပြီး နံနက်တွင် ယင်းစိမ်ရည်နှင့် မျက်စိကို ဆေးကြောပေးသော် မျက်စိအေး၍ အမြင်သန်၏ ။
 
၉ ။ ကြစုသီးမှုန့်ကို မုရားကြီးရွက်ညှစ်ရည်ဖြင့် ၇ ကြိမ်တေ၍ ၇ ကြိမ် နေလှန်းပြီး ပျားရည်နှင့် တေ၍လျက်သော်သွေးအန် ၊ သွေးလျှံရောဂါ ပျောက်၏ ။
 
၁၀ ။ ကြစုသီးမှုန့်ကို ပျားရည်နှင့် လျက်လျှင်လည်းကောင်း ၊ ထန်းလျက်နှင့်တေ၍ အလုံးပြု စားလျှင်လည်းကောင်း ၊ အစာအိမ်အချဉ်ပေါက်ရောဂါ ပျောက်၏။
 
၁၁ ။ ကြစုသီးကို နွားကျင်ငယ်ရေနှင့် ပြုတ်၍ သောက်သော် သွေးအားနည်းရောဂါ၊ အချိ ၊ အဖောရောဂါ ပျောက်၏ ။

ကြက်ဟင်းခါး


အသုံးပြုပုံ-
အရွက်
၁။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။
 
၂။ အရွက်ကြိတ်ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေပျက်စီး၏ ။
 
၃။ ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသောရောဂါ ပျောက်ကင်း၏။

၄။ မူးမော်ခြင်းလည်း ပျောက်ရန်လည်းကောင်း ၊ညှော်ခံဆေးအဖြစ်လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကိုချေ၍ ရှူပေးရ၏။
 
၅။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါပျောက်၏။
 
၆။ ခွေးရူးကိုက်သောနေရာများတွင် အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။
 
အသီး
၁။ ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။
 
၂။ ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။
 
၃။ အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။

ကြက်ဆူပင်


အသုံးပြုပုံ-
အရွက် 
၁ ။ အရွက်ကို ခေါင်း ကိုက်ပျောက်ဆေး၊ အနာအုံဆေး အဖြစ် အသုံးပြုသည်။
 
၂ ။ အရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျို၍ သောက်လျှင် လေသလိပ်အားကြီးခြင်း ၊ ဝှေးစေ့ကြီးခြင်း ၊ ဆီးအိမ်၌ ထုံကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာ ၊ သည်းခြေနာတို့ကို ပျောက်စေ၏။
 
အစေ့ 
၁ ။ ကင်းဆိပ်ဖြေဆေးအဖြစ် အစေ့ကို သွေး၍ လိမ်းပေးရ၏ ။

၂ ။ လေချုပ်၊ အဖျား ၊ ချောင်းဆိုး၊ ဝမ်းဗိုက် ဖောရောင် ၊ ထိုးအောင့်ခြင်း ၊ ခါး ၊ ဆီးအိမ် ၊ ခေါင်းကိုက်ခဲခြင်း နှင့် ပန်းနာ ၊ နူနာ ၊ ဖျဉ်းဒူလာ ၊ အသည်း ရောဂါ၊ ဝမ်းကိုက်ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြု၏ ။
 
အစေ့ဆီ 
၁ ။ အစေ့ဆီကိုပြုပြင်၍ ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် သုံးသည်။
 
၂ ။ ကလေး လွယ်ကူစွာ ဖွားမြင်နိုင်ရန်အတွက် ကြက်ဆူဆီကို သုံး၏ ။
 
၃ ။ ကြက်ဆူဆီကို ဆံပင်သန်ဆေးအဖြစ်လည်း သုံး၏ ။
မှတ်ချက် ။ ။ အစေ့မှ တိုက်ရိုက်ထုတ်၍ ရသော အဆီကို စားသုံးဆေးအဖြစ် တိုက်ရိုက် သုံးစွဲ၍မရပါ။ ၎င်းအဆီမှ အဆိပ်ဖြစ်စေတတ်သော ဓာတ်များ ကို ထုတ်ပြီးမှ သောက်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ကြက်ဆူစေ့ကို စားလျှင် သေနိုင်သည်။

နွားမြေရင်း


အသုံးပြုပုံ
ဥမြစ်ခေါင်း
၁။ နွားမြေရင်း ခေါင်းကို သလိပ်ပုပ် ရောဂါ၊ ဆီးပုပ် ရောဂါ တို့၌ သုံး၏။
 
၂။ နွားမြေရင်း ခေါင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာရင်းတွင် ရှိသော အဖု အပိမ့် များပျောက် ၏။
 
၃။ နွားမြေရင်း ကို လျှာပွတ်ဆေး အဖြစ် လည်းကောင်း ၊ သူငယ်နာ ဆေး အဖြစ် လည်းကောင်း သုံး၏။

၄။ နွားမြေရင်း ခေါင်းကို သွေးလိမ်းက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်း နှင့် နူနာ ဖြစ်စရောဂါ ရေယုန်၊ ဝဲစို ဝဲခြောက် ရောဂါ တို့ ပျောက်၏။
 
၅။ နွားမြေရင်း ခေါင်းကို သွေး၍ ဆားအနည်း ငယ်ထည့်သောက် ပါက အဆိပ်ရောဂါ၊ အစားမှား ဆေးမှား ရောဂါ တို့ကို ပျောက်စေ၏။
 
၆။ မြွေနှင့် ဂျက်ကိုက်ခြင်း အတွက် နွားမြေရင်း ခေါင်းကို သွေး၍ တိုက်ခြင်း လိမ်းခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
 
၇။ နွားမြေရင်းခေါင်း ကို သွေးသောက် ခြင်းဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါ များ ပျောက်၏။
 
၈။ နွားမြေရင်းခေါင်း ကို သွေးကာ သူငယ်စာ ငှက်ပျောသီး တွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေးများ အား ကျွေးပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်း နှင့် မြွေကင်းကိုက်၍ အဆိပ်တက်ခြင်း များ ပျောက်၏။
 
၉။ နွားမြေရင်း ကို ပြုတ်သောက် ပါက ညောင်းကျ ရောဂါ ပျောက်၏။
 
၁၀။ ဥပသကာ နှင့် ပြုတ်သောက် ပါက ဆစ်ဖလစ် ရောဂါ ပျောက်၏။
 
၁၁။ နွားမြေရင်း ကို သွေးသောက် ပါက အော့အန် ခြင်း ပျောက်၏။ အမှုန့် ကို သောက်က ကင်းဆိပ် ကျဆင်း စေ၏။
 
၁၂။ အချွဲ အကျိ များကို ကျဆင်း၍ ဝမ်းကိုက်ခြင်း၊ သွေးစ သွေးနနှင့် ဝမ်းသွား ခြင်းတို့ အတွက် နွားနို့၊ ရေနှင့် နွားမြေရင်း တို့ကို ထည့်ကျို၍ နို့သက် သက် ကျန်သော အခါ မှ သောက်ပါက ရောဂါ ပျောက်၏။

ကြောင်လျှာပင်


အသုံးပြုပုံ-
အခေါက်
၁ ။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။
 
၂ ။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။
 
၃ ။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။

၄ ။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။
 
၅ ။ အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။
 
အရွက်
၁ ။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။
 
၂ ။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။
 
အသီး
၁ ။ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
 
၂ ။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။
 
၃ ။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။
 
၄ ။ ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
 
၅ ။ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
 
၆ ။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။
 
အမြစ်
၁ ။ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။

ကြောင်ရိုသေပင်


အသုံးပြုပုံ-
အရွက်
၁ ။ ကြောင်ရိုသေပင်၏ အရွက်ရည်ကို ကလေးသူငယ်နာ ချွဲကျပ်ရောဂါအတွက် တမာရွက်ရည် နှင့် ရောစပ်တိုက်ပါက ဝမ်းသွားခြင်း ၊ အော့အန်ခြင်းကို သက်သာစေသည်။ ချွဲကျစေသည်။
 
၂ ။ အရွက်ပြုတ်ရည် ကို အန်ဆေးအဖြစ် တိုက်ပေးခြင်း ဖြင့် အဆုတ်ရောင်ခြင်း တို့ကို ပျောက်၏ ။
 
၃ ။ အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။

၄ ။ အရွက်ကို ကြိတ်၍ အနာပေါ်၌ အုံပေးသော် အနာများပျောက်ကင်းစေ၏ ။
 
၅ ။ အရွက်ရည် သည် ဝဲခြောက် ၊ ပွေး ၊ ယားနာ စသော အရေပြား ရောဂါ တို့ကို ပျောက်ကင်းစေသည်။ တမာဆီနှင့် ရောလိမ်းသော် အမျိုးမျိုးသော ယားနာကို ပျောက်ကင်းစေ၏ ။
 
၆ ။ အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။
 
၇ ။ ၎င်းအရည်ကို နားထဲသို့ ထည့်ပေးသော် နားပြည်ယိုခြင်း ၊ နားကိုက်ခြင်း ၊ နားလေထွက်ခြင်း ၊ နားအူခြင်း ပျောက်၏ ။
 
၈ ။ အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဝမ်းထဲတွင် အူအတက် ရောင်စေသော ရောဂါကို ကာကွယ်သည်။ ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း ၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ၊ ဝမ်းထဲ၌ ရစ်၍နာခြင်း များကိုလည်း ပျောက်ကင်းစေသည်။
 
၉ ။ အရွက်ကို ပြုတ်၍ သုပ်စားပါက အဆုတ်ရောဂါ ၊ ဦးနှောက်ရောဂါ ၊ နားအူ ၊ နားကိုက်ရောဂါ ၊ ဗိုက်အောင့် ရောဂါ ၊ ဗိုက်နာရောဂါတို့ကို ပျောက်စေသည်။
 
၁၀ ။ အရွက်ကို ချက်ပြုတ်စားသောက်ပါက ပန်းနာရောဂါ ၊ မီးယပ်ကွက် ပေါ်သောရောဂါ ၊ သူငယ်နာရောဂါ ၊ သွေးတိုးရောဂါများ ပျောက်ကင်းစေသည်။
 
၁၁ ။ အရွက်ကို ပုစွန်ထုပ်နှင့် ကြော်စားပါက နွမ်းလျပင်ပန်းခြင်း ပျောက်သည်။

ကြောင်ပန်းပင်


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏ ။
 
၂ ။ ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။
 
၃ ။ ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို လည်းကောင်း ၊ သက်ရင်းကြီးမြစ် သွေးရည်နှင့် ရောသောက်ခြင်းဖြင့် ဖောရောင်ရောဂါကိုလည်းကောင်း ပျောက်စေသည်။

၄ ။ ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျား နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏ ။
 
၅ ။ ကလေးသူငယ် နှာစေးချောင်းဆိုးနာ ပျောက်စေ၏ ။
 
၆ ။ ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏ ။
 
၇။ ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများ ပျောက်၏ ။
 
၈ ။ အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါက်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏ ။
 
၉ ။ ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏ ။

အောင်မဲဖြူ


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ အောင်မဲဖြူသည် မြွေဆိပ် ဖြေဆေး အဖြစ် ထင်ရှား၏။ အောင်မဲဖြူမှုန့်နှင့် ဣဿရ မူလီမြစ်မှုန့် ရောစပ် သောက်သော် မြွေဆိပ် ပြေ၏။
 
၂။ အောင်မဲဖြူရွက် ကိုကြိတ်၍ ခူနာများ၌ စည်းပေးပြီး စည်းထားသော နေရာ၌ ရေမကြာ ခဏ ဆွတ်ပေးပါက ခူနာ ပျောက်၏။
 
၃။ အောင်မဲဖြူ မြစ်ကို အခြားသော ဆေးမြစ်များနှင့် ရောစပ်၍ ရေဖျဉ်း ရောဂါ ပျောက်ဆေး အဖြစ် အသုံးပြု၏။

၄။ အောင်မဲဖြူ မြစ်ကို လှော်၍ အမှုန့်ပြုပြီး ရေနွေးနှင့် သော်သော် အသည်းကြီး ရောဂါ၊ သရက်ရွက် ကြီးသော ရောဂါ၊ ရေဖျဉ်း ရောဂါ ပျောက်၏။
 
၅။ အောင်မဲဖြူ မြစ်၏ အခေါက်ကို ရေနှင့် စိမ်သောက်သော် ကိုယ်လက် ရောင်ရမ်းသော ရောဂါ ပျောက်၏။
 
၆။ အောင်မဲဖြူ အဖိုမြစ်၏ ကြိတ်ညှစ်ရည်ကို နွားနို့အေး နှင့် ရောသောက်သော် နာတာရှည် ချောင်းဆိုး ရောဂါ ပျောက်၏။
 
၇။ အောင်မဲဖြူ အသီးစိမ်း အစေ့ ကြိတ်ညှစ်ရည်ကို နှာခေါင်းတွင် ခတ်ပေးက ခေါင်းတစ်ခြမ်း ကိုက်ခြင်း ပျောက်၏။
 
၈။ အောင်မဲဖြူ မြစ်ကို ကိုယ်ဝန် မလျှောကျ စေရန်လည်းကောင်း၊ လည်ပင်း၌ အကျိတ် အဖု ပေါက်သော ရောဂါ၊ သွေးအန် သွေးလျှံနာ၊ခရုသင်း၊ မျက်စိ တိမ်ကျခြင်း ရောဂါ များအတွက် ဆေးအဖြစ် ဖော်စပ် အသုံးပြု၏။
 
၉။ အပွင့်ကို နွားနို့နှင့် ကြိတ်၍ မျက်စိကို ကွင်းပေးခြင်း၊ ခတ်ပေးခြင်း ပြုက သူငယ်နာ မျက်စိနာ ပျောက်၏။
 
၁၀။ အစေ့ကို လိင်ဥ ရောင်ခြင်း ၊ ကြို့ထိုးခြင်း ရောဂါ များအတွက် သုံး၏။
မှတ်ချက်။ ။ အောင်မဲဖြူနှင့် အောင်မဲညို ဂုဏ်သတ္တိ စွမ်းရည် များစွာ ကွာခြားခြင်း မရှိသဖြင့် အောင်မဲညိုကို လည်း အောင်မဲဖြူ ကဲ့သို့ပင် အသုံးပြုနိုင်၏။

လောက်သေပင်


အသုံးပြုပုံ-
အမြစ်
၁။ ဆီးတွင် သွေးပါသော ရောဂါ အတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။
 
အရွက်
၁။ အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ဝမ်းကိုက် ရောဂါ ၊ ဝမ်းဖော ဝမ်းရောင် ရောဂါ ၊ ကလေးများ သန်ဝမ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။

၂။ အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏။
 
၃။ ၎င်းအရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။
 
၄။ လောက်သေရွက် နှင့် ထားဝယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ဝမ်းကိုက် ၊ သွေး့ဝမ်း သွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။
 
၅။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ဝှေး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ် သုံးပါက ဝဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏။
 
၆။ လောက်သေရွက် ၊ စံကားစိမ်း ပွင့်ခြောက် တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊ ယားခြင်း ၊ သန်းပေါခြင်း များ ပျောက်၍ ဦးနှောက် ကို ကြည်လင် စေသည်။
 
၇။ လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း ၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သော ရောဂါ များကို ကာကွယ်နိုင် ၏။
 
၈။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်ဝင် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။
 
၉။ လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏။
 
၁၀။ ကလေးများ အနာစက် ၊ ဝဲစို ၊ အိုင်းနာ ကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ် စစ် နှင့် လူးလျှင် ပျောက်၏ ။
 
၁၁။ ကျွဲ နွား များ အနာပေါက်၍ လောက်ကောင် များကျခြင်း ၊ ငပိအိုး တွင် လောက်ကောင်များ ကျခြင်း အတွက် ၎င်း လောက်သေရွက် ကို ထောင်း၍ အမှုန့်ဖြူး ပေးသော် လောက်များ သေကြေ ပျက်စီး ပြီး အနာများ ကို လည်း အသားနု တက်၍ ကျက်စေ၏။
 
၁၂။ စအို မျှော့ ဝင်ကာ ရောဂါ အတွက် လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊ ကြက်မွေး(ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုး အငွေ့ များ အခြား သို့ မထွက် နိုင်ရန် ခါးအောက်ပိုင်း နှင့် အိုးကို ပါ အဝတ်ထူ ထူ ရစ်ပတ်၍ အငွေ့ မှိုင်း ခံပါက မျှော့များ အကောင် လိုက်သော် လည်းကောင်း၊ ကြေပြုတ်၍ သော်လည်းကောင်း ကျလာစေ ၏ ။ လောက်သေရွက် နှင့် ကြွက်နားပေါင်း ဆတူပြုတ် ၍ လက်ဖက်ရည် ကြမ်းပန်းကန်လုံး နှင့်လည်း ခပ်ပူပူ သောက်ပေးရ ၏။

လေးညှင်း


အသုံးပြုပုံ-
အပွင့်--
၁။ ဝမ်းဗိုက် အမြဲ ထိုးအောင့် နာကျင်၍ ဝမ်းဖြူဖြူ အရေ ကျဲကျဲများ သွားပါက လေးညှင်းမှုန့် ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။
 
၂။ လေးညှင်းပွင့် နှင့် ကနခို တို့ကို ညက်ညက် ကြိတ်၍ လုံးပြီး အရိပ်၌ အခြောက်လှန်း၍ ရေနွေးနှင့် သုံးဆောင်ပါက ဓာတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ သလိပ် ကျပ်ခဲခြင်း တို့ပျောက်၏။
 
၃။ လေးညှင်းပွင့် ကို သွေး၍ သကြားခဲ ကျိုရည် ပျစ်ပျစ် နှင့် ရောလျက်သော် ကိုယ်ဝန် တည်စ အန်သော ရောဂါ ပျောက်၏။

၄။ လေးညှင်းပွင့် ကို ဆေးခါးကြီး နှင့် ရောကြိတ်ပြီး ရေနွေး ပူပူနှင့် သောက်သော် အဖျားရောဂါ နှင့် အားအင် ကုန်ခန်းခြင်း များကို ပျောက်ကင်းစေ၏။
 
၅။ ကြေးနီခွက် သန့်သန့်၌ လေးညှင်းပွင့် ကို ပျားရည်နှင့် ထုခြေ၍ မျက်စဉ်း ခတ်သော် မျက်စိနာခြင်း၊ မျက်လုံး၌ တိမ်ဖြူစွဲ ခြင်း ပျောက်၏။
 
၆။ လေးညှင်းပွင့် ကို ရေနှင့် ကြိတ်၍ ခပ်နွေးနွေး ပြုပြီး သောက်သော် ရေငတ်ခြင်း၊ ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာ မပေါ်ခြင်း များပျောက်၏။
 
၇။ လေးညှင်းပွင့် နနွင်း ဆတူ စပ်၍ ကြိတ်ပြီး မြုံနေသော အနာများ ပေါ်တွင် လိမ်းပေးသော် ပျောက်၏။
 
၈။ သလဲသီး အချဉ် အရည်နှင့် လေးညှင်း ရောသောက်သော် ဝက်ရူးနာ ထ၍ အန်ခြင်းနှင့် ရိုးရိုး အန်သော ရောဂါ များ ပျောက်၏။
 
၉။ အထိုင် အထတို့ ၌ မူး၍ မျက်စိ မူးမိုက် သော် လေးညှင်း ကို ရေအေးနှင့် သွေးပြီး မျက်စဉ်းခတ် ပေးက ပျောက်၏။
 
၁၀။ လေးညှင်းပွင့် ကို မီးနှင့်လှော်၍ ကြိတ်ပြီး ပျားရည်နှင့် ရောလျက်သော် ကြက်ညှာ ချောင်းဆိုး ပျောက်၏။
 
အဆီ--
၁။ လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့် ကို သွေး၍ သွားနာ၊ သွားကိုက်သော နေရာသို့ လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။
 
၂။ လေးညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ် အမျက် ကိုက်ခဲ နာကျင်ခြင်း များပျောက်၏။
 
၃။ မျက်နှာ နဖူး၏ အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။

ရှောက်ပင်


အသုံးပြုပုံ-
အသီး
၁ ။ ရှောက်ရည် ၊ ကြောင်ပန်းရွက် ညှစ်ရည် အမျှရော ၍ ရှူပေးက ဝက်ရူးနာ ပျောက်၏။
 
၂ ။ ရှောက်သီး အမြွှာနှင့် သလဲ အချဉ် အစေးကို ရောစား က မူးေ၀ ထိုင်းမှိုင်း သော ရောဂါ ပျောက်ကင်း၏ 

၃ ။ ရှောက်သီး အမြွှာနှင့် သိန္ဓော ဆား ရော၍ နံနက် ည နေ့စဉ် သောက်သုံးက ဆီးအိမ် နှင့် ကျောက်ကပ် တွင် ဖြစ်တတ်သော ကျောက်တည် ရောဂါ ပျောက်ကင်း ၏။

၄ ။ ပျားရည် ၊ ရှောက်ရည် ၊ ဇဝက်သာ သုံးမျိုး ရောသောက် က ချောင်းဆိုး ၊ ရင်ကျပ် ၊ သလိပ်ကပ် ၊ ပန်းနာ ပျောက်၏။
 
၅ ။ မီးယပ် သွေးဆင်း၍ မူးေ၀ သောရောဂါ အတွက် ရှောက်သီးကို ထန်းလျက် နှင့် စားက ပျောက်၏ ။
 
၆ ။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်း အောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ် သား ခန့်ကို ဆား အနည်းငယ် နှင့် မွှေ၊ နေလှန်း ၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း ၏ ။

ရွှေနွယ်ပင်(ဆေး)


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ ဆေးရွှေနွယ် သည် အသက်ရှည် စေတတ်သော အပင်မျိုး တွင် အပါအဝင် ဖြစ်၏ ။ အသည်းရောင် ၊ အသည်းကြီး ၊ အသည်း မာကျော ကြမ်းတမ်း ခြင်း အတွက် ၎င်းဆေးရွှေနွယ် ကိုပြုတ်၍ သောက်ခြင်း ၊ ဝမ်းဗိုက် ကို လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း စေနိုင်၏။
 
၂။ ဝမ်းကြောတင်း ခြင်း ၊ ဝမ်းရောင် ခြင်း ၊ အစာမကြေ လေချဉ်တက် ခြင်း ၊ ဝမ်းဗိုက်နာ ခြင်း များ အတွက် ဆေးရွှေနွယ် ကို ကျတ်ကျတ် ကျို ၍ ဝမ်းဗိုက် တွင် လိမ်းပေးပြီး အဝတ်ဖြင့် ပတ်ထား ပါက အောက်သို့ လေစုန်ကာ ပျောက်ကင်း၏။
 
၃။ ဆေးရွှေနွယ် မှုန့် ၊ ချင်းခြောက်မှုန့် ဆတူ ရော၍ ထောပတ်နှင့် ဖျော်ပြီး အနာဆွေး၊ အနာဟောင်း များကို လိမ်းပေးသော် အနာများ အသားနု တက်၍ အမြန်ကျက်သည်။

၄။ ဆေးရွှေနွယ် ကို ညက်အောင် ကြိတ်၍ ရေနှင့် မပျစ်မကျဲ ဖျော်ပြီး ယားနာ များကို လိမ်းပေးသော် ပျောက်ကင်း၏။
 
၅။ ဆေးရွှေနွယ် ကို တို့စရာ အဖြစ် ဖြစ်စေ ၊ ၎င်းချည်း သက်သက် ဖြစ်စေ နေ့စဉ် စားသုံးပေး ပါက ဆံမဖြူ သွားမကျိုး ပါးရေ မတွန့်ဘဲ အသက်ရှည် နုပျို ကျန်းမာ စေ၏ ။
 
၆။ ဆေးရွှေနွယ် ကို သွေးဖောက်ပြန် သော ရောဂါ အတွက် လည်း သုံး၏။
 
၇။ ဆေးရွှေနွယ် ဖြင့် ခေါင်း လျှော် လျှင် ခေါင်းအေး ၍ ဦးနှောက် ကြည်လင် စေပြီး ဗောက်နှင့် သန်းများကို ပျောက်စေသည်။

ရွေးပင် (ရွေးကလေး)


အသုံးပြုပုံ-
အမြစ်
၁ ။ ရွေးဖြူ မြစ် ကို ရေနှင့် ကြတ်၍ ပေါင်းတိုက် ရေယူပြီး သကြား အနည်းငယ် ဖြင့် သောက် သော် ဒူလာ ဖြစ် မြင်းသရိုက် ရောဂါ ပျောက်၏။
 
၂ ။ အမြစ်ကို ရေဖြင့် တစ်ည စိမ်၍ နံနက်တွင် အဝတ်ဖြင့် စစ်ပြီး ညနံနက် တစ်ကြိမ် စီသောက် ပါက မီးယပ်ဖြူ ဆင်းသော ရောဂါ ပျောက်၏။

အရွက်
၁ ။ ချင်း ရွေးရွက် ကို မုန်ညင်း ဆီနှင့် ကြိတ်၍ အဆစ်ရောင် သော နေရာနှင့် အကြောထိုး သော နေရာ များသို့ စည်းပေး ခြင်း ၊ လိမ်းပေးခြင်း ပြုက ရောဂါ ပျောက် ကင်း၏။
 
၂ ။ ချင်ရွေးရွက် အစိုကို ဆီနှင့် ကြိတ်၍ ကိုယ်လက် ကိုက်ခဲ သော နေရာများ သို့ လိမ်းပေးသော် ပျောက်၏။
 
၃ ။ ကိုယ်၌ အနှံ့အပြား ပေါက်တတ်သော အနာ မီးလျှံ စသော အနာအဖု အပိမ့် များ ပေါက်သော် ရွေးစေ့ ၊ ပြဒါး၊ ကန့်ဝါ ၊ တမာစေး ၊ ဆေးခြောက်ရွက်၊ ဝါစေ့တို့ ကို ဆတူယူ ၍ သံပရာရည် နှင့် ကြိတ်လိမ်းသော် ပျောက်၏။
 
၄ ။ အရွက်ညှစ် ရည် ကို နွားနို့ သောက် လျှင် ဆီးချို ဆီးလွန် ရောဂါ ပျောက်၏။
 
အစေ့
၁ ။ ရွေးစေ့ကို အမှုန့် ပြုလုပ်၍ ရှူသော် အလွန် ပြင်းထန်သော ခေါင်းကိုက် ရောဂါ ပျောက်၏။
 
၂ ။ အစေ့နှင့် အမြစ်ကို အမှုန့်လုပ်၍ အုန်းရည်နှင့် သောက် သော် လိပ်ခေါင်း ရောဂါ ပျောက်၏။
မှတ်ချက်။ ။ အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။

ဘောစကိုင်းပင်


အသုံးပြုပုံ-
အခေါက်
၁ ။ အခေါက် ကို ကိုယ်တွင်း ၌ နာကျင် ကိုက်ခဲသော ရောဂါ အတွက် အတွင်းဆေး အဖြစ် အသုံးပြု သည်။
 
၂ ။အခေါက် နှင့် အမြစ်ပြုတ် ရည်ကို ကိုယ်ဝန်ပျက် မကျစေရန် ကာကွယ်ဆေး အဖြစ် ဖော်စပ် အသုံးပြု၏
 
အစေ့
၁ ။ အစေ့ကို အကိုက်အခဲ အဖော အရောင် ပျောက်ရန် လိမ်းဆေး အဖြစ် ဖော်စပ် အသုံးပြုသည်။

ပဉ္စငါးပါး
၁ ။ ဘောစကိုင်း ကို အဆိပ်ဖြေ ဆေးအဖြစ် အသုံးပြု ရာ၌ ထင်ရှား၏။ ဘောစကိုင်း ငါးပါး သို့မဟုတ် အမြစ် ကို ကြိတ်၍ ထောပတ် နှင့် ရောပြီး သောက်ခြင်း ၊ ကိုက်ခဲ ရာ၌ လိမ်းကျံ ခြင်း ဖြင့် မြွေဆိပ် ပြေ၏။
 
အရွက်နှင့် အသီးခွံ
၁ ။ အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ဝမ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။

ပေါက်ပင်


အသုံးပြုပုံ-
အစေး
၁ ။ လတ်ဆတ်သည့် ပေါက်စေးကို လိမ်းပေးလျှင် အနာ အဖု အပိမ့်များ ပျောက်ကင်းသည်။
 
၂ ။ ပေါက်စေးကို ဝမ်းသွား ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု နိုင်သည်။
 
အပွင့်
၁ ။ ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံး စိမ်၍ နံနက်တွင် သကြား အနည်းငယ် ထည့်၍ သောက်လျှင် စအိုဝနာ ခြင်း ၊ ဆီးနှင့် ရော၍ သွေးပါခြင်း ၊ နှာခေါင်း သွေးယို ခြင်း တို့ကို ပျောက်ကင်းစေသည်။

၂။ ပေါက်ပွင့်ကို ရေနှင့် ကျို၍ ခပ်နွေးနွေး ချက်တွင် အုံပေး လျှင် ဆီးချုပ်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း များ ပျောက်ကင်းသည်။
 
၃ ။ ပေါက်ပွင့် ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက် ကဲ့သို့ ခတ်၍ သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသား သန့်ရှင်းစေသည်။
 
အစေ့
၁ ။ ပေါက်စေ့ကို သံပရာရေနှင့် ကြိတ်၍ လိမ်းပေလျှင် အတွင်း အဆံကို အခြောက် လှန်းကာ ကြိတ်၍ နံနက် ည တစ်နေ့ ၂ ကြိမ် ဆက်စားပြီး ၄ ရက်မြောက် သောအခါ ဝမ်းနုတ်ဆေး စားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်းလာ မည်။
 
အရွက်
၁ ။ အရွက်ကို အားတိုးဆေး တွင် အသုံးပြုသည်။
 
အခေါက်
၁ ။ အခေါက် နှင့် အစေ့ကို မြွေဆိပ် ဖြေဆေး ဖော်စပ် ရာတွင် သုံးသည်။
 
၁ ။ ပေါက်ဥမှုန့် ကို ပျားရည်နှင့် တေ၍ စားသော် အားအင် ပြည့်ဖြိုး၍ အသက်ရှည် စေသည်။

ဥသျှစ်ပင်


အသုံးပြုပုံ-
အရွက်
၁။ ဥသျှစ်ရွက် ပေါင်းတိုက်ရည်ကို ကြွေဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပေးက ကလေးများ ဝမ်းပျက် ရောဂါနှင့် ချွဲသလိပ် ကျပ်ရောဂါ ပျောက်ကင်း၏။
 
၂။ ဥသျှစ်ရွက်ကို ကြိတ်၍ မျက်စိ၌ ကွင်းပေး ပါက မျက်စိနာ ရောဂါ ပျောက်၏။
 
၃။ ဥသျှစ်ရွက် ညှစ်ရည်ကို နံနက် ည သောက်ပေးပါက ဖျားခြင်း၊ မျက်ရည်ပူ ယိုခြင်း၊ ချောင်းဆိုး ခြင်းများ ပျောက်၏။

၄။ အနာ၊ အဖု အပိမ့်များကို ၎င်းအရွက်စိမ်း ကြိတ်၍ အုံပေးပါက နုလျှင် ပိန်၍ ရင်းလျှင် ပြည်ပေါက်၏။
 
၅။ ကလေးများ သန်ထလျှင် ဥသျှစ်ရွက် ညှစ်ရည်ကို အရွယ်အလိုက် ချင့်၍ တိုက်ပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

တောင်မဲအုပ် (လက်ပံခါး)


အသုံးပြုပုံ-
အခေါက်
၁။ အခေါက် ကို အဖျား ဖြတ်ဆေး ၊ လေငန် ဆေး၊ ဝမ်းကိုက် ပျောက်ဆေး အဖြစ် ဖော်စပ် သုံး၏ ။ အဖျား ဖြတ်ဆေး အဖြစ် သုံးရာ၌ ကွီနိုင် ကဲ့သို့ ပင် သုံးနိုင် ၏ ။
 
၂။ အနာ စိမ်း ၊ သွေးစ ုနာ၊ အနာ ပေါက် များ အတွက် အခေါက် ကို သွေးလိမ်း ပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက် စေ၏ ။
 
၃။ အမြစ် ခေါက်ကို ကျို၍ အိပ်မွေ့ သီးမှုန့် နှင့် သင့်ရုံ ရောသောက် သော် ဝမ်းတွင်း ရှိ တုတ်များ သန်ကောင် များ ကျ၏။

၄။အခေါက် ကို သုံးခွက် တစ်ခွက် တင် ကျိုသောက် သော် အဆုတ် ရောဂါ ၊ အစာ အိမ် အချဉ်ပေါက် ၊ အနာပေါက် ရောဂါ ၊ လေငန်း ဖြစ်စ ရောဂါ ၊ အကြောဆွဲ ရောဂါ၊ နှလုံး ရောဂါ၊ ပန်းနာ ၊ အဖျား ၊ လေထိုး ၊ လေအောင့် ရောဂါများ ပျောက်၏ ။
 
၅။ မီးဖွား ပြီး ပထမ နေ့၌ အခေါက် မှုန့်ကို ချင်းနှင့် ရောစပ် သောက်သော် မီးနေသည် များ နို့ထွက် များ၍ သွေးသား စင်ကြယ် စေသည်။
 
အရွက်
၁။ တောင်မရိုး ရွက်နု များကို နွမ်းလာအောင် မီးကင် ၍ ကြိတ်ပြီး အနာဟောင်း ၊ အနာဆွေး များနှင့် အနာ မကျက် နိုင်ဘဲ သွေးပြည် ယို၍ အနံ့ ဆိုးထွက် နေသော အနာ များကို လိမ်းပေးက မကြာမီ ပျောက်ကင်း စေနိုင်၏။
 
အစေး
၁။ အစေးကို အနာ များတွင် သုတ်လိမ်း ပေးပါက အနာ အသားနု တက်၍ လျင်မြန်စွာ ပျောက်ကင်း၏။
 
၂။ အစေးကို နှမ်းဆီနှင့် ရော၍ နားကြပ် ပေးသော် နားကိုက်နာ ပျောက်၏ ။

ချေးသီးပင်



အသုံးပြုပုံ-
အသီး
၁။ချေးသီးကို ထုံးနှင့်ရောကြိတ်၍ အနာပေါ်၌ အုံပေးခြင်းဖြင့် အနာ ပျောက်ကင်း စေ၏။
 
၂။ချေးသီးကို မီးပေါ်၌ တင်၍ ထွက်လာသောအဆီများမှ အဆီ ၃ စက်ခန့်ကို နွားနို့နှင့်ရောသောက်သော် ချောင်းဆိုး ရောဂါ ပျောက်၏။ ချေးသီးအဆီ အစက် ၂ စက်မျှ ည နံနက် တိုက်ပေး သော် ကလေးများ သလိပ်ကျပ်ခဲခြင်း၊ချောင်းဆိုးခြင်း ပျောက်၏။
 
၃။ချေးသီးကိုကြိတ်၍ လိမ်းအုံပေးသော် အဆစ်ရောင်ရောဂါပျောက်၏။ ၄။ချေးသီးကို အင်တွဲနှင့်ရော၍ နှမ်းဆီဖြင့်ချက်ပြီး ယားနာ၊ခြေကွဲနာတို့ ကိုလိမ်းပေးရ၏။

၄။ချေးသီးကို နှမ်းဆီဖြင့်သွေး၍ လိမ်းပေးပါက ပွေးနာများ ပျောက်ကင်း၏။
၅။ချေးသီးကို သွက်ချာပါဒ ရောဂါနှင့် အဆစ်ရောင်နာပျောက်ဆေးအဖြစ် လည်း ဖော်စပ် အသုံးပြု၏။ (ချေးသီးသည် အဆိပ်မျိုးတွင် ပါဝင်သော ကြောင့် စနစ်တကျ သုတ်သင်ပြီးမှသာ သုံးစွဲသင့်သည်။)

ခွေးလှေးယားပင်


အသုံးပြုပုံ-
အမြစ်
၁ ။ ခွေးလှေးယားမြစ်မှုန့် အနည်းငယ်ကို ရေနှင့်ရောသောက်သော် သွေးဝမ်းကျရောဂါ ပျောက်၏။
 
၂ ။ ခွေးလှေယားမြစ်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပျားရည်နှင့် ရောသောက် သော် ကာလဝမ်းရောဂါ ပျောက်၏ ။
 
၃ ။ ခွေးလှေယားမြစ်ကို ကြိတ်၍ ရေဖျဉ်းရှိသောဗိုက်တွင် လိမ်းပေးခြင်း ၊ အတုံးငယ်ကလေးများပြု၍ ခြေဆစ်လက်ဆစ်တို့၌ ချည်နှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါပျောက်စေ၏။

၄ ။ ခွေးလှေယားမြစ် ကြိတ်ရည်ကို နေ့စဉ်သောက်သုံးသော် လေရောဂါ လက်မောင်းသိမ်ရောဂါ ပျောက်စေ၏ ။
 
၅ ။ ခွေးလှေယားမြစ်မှုန့်ကို ဆီနှင့် ချင်ပြီး အဆီကို စစ်ယူ၍ လိမ်းပေးသော် ဆင်ခြေထောက်ရောဂါ ပျောက်၏ ။
 
အစေ့
၁ ။ ခွေးလှေယားစေ့မှုန့်ကို ရေနှင့် ရောသောက်သော် ဆီးချုပ်ရောဂါ ပျောက်၏ ။
 
၂ ။ ခွေးလှေယားစေ့အနုကို ဟင်းအဖြစ် ကြော်ချက်စားသော် သွေးအန် သွေးလျှံရောဂါ ပျောက်၏ ။
 
၃ ။ ခွေးလှေယားစေ့ကို ထောပတ်နှင့် ကြော်ချက်စားသော် လူကို ဝစေ၍ အားကို တိုးစေသည်။
 
၄ ။ ခွေးလှေယားစေ့ကို ကြိတ်၍ ကင်းကိုက်ရာ၌ အုံပေးသော် ကင်းဆိပ်ပျောက်၏ ။
 
၅ ။ ခွေးလှေယားစေ့သည် အားတိုးဆေး၊ ကာလသားရောဂါပျောက်ဆေး ၊ လေငန်းရောဂါပျောက်ဆေးအဖြစ်လည်း သုံး၏ ။
 
၆ ။ ခွေးလှေယားစေ့ကို အမှုန့်ပြု၍ နွားနို့သောက်လျှင် သုက်အားကို အထူးပွားစေ၏ ။ အမျိုးသမီးများ နို့ထွက်စေ၏ ။
 
၇ ။ ခွေးလှေယားစေ့နှင့် ခွေးလှေယားမြစ်ကို ဆတူအမှုန့်ပြု၍ ယင်းအမှုန့်နှင့် သကြားဆတူရောပြီး နွားနို့နှင့် နေ့စဉ်သောက်ပါက ကျန်းမာဝဖြိုးပြီး သုက်အားကို အလွန်အမင်း ကောင်းစေပါသည်။
 
အသီး
၁ ။ အသီးတောင့်ကို သန်ကျဆေးအဖြစ် သုံး၏ ။
 
အရွက်
၁ ။ ခွေးလှေယားရွက်ကို ပြုတ်တို့လျှင် အမျိုးသမီး သားသည် မိခင်များ နို့ထွက်များစေ၏ ။ သွေးအန် ၊ သွေးကျရောဂါ ကို ကာကွယ်နိုင်၏ ။ ယောကျ်ားများ ဒူလာပါဒရက်ရောဂါပျောက်စေ၏။

ခွေးတောက်ပင်


အသုံးပြုပုံ-
အရွက်
၁။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာ များ နူလျှင်ပိန်၍ ရင်လျှင် ပြည်ပေါက်၍ ပျောက်၏ ။
 
၂။ ထန်းရည် ၊ အရက် ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သား နှင့် ချက်စားခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏ ။
 
၃။ အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏ ။

၄။ ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
 
၅။အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။
 
၆။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။
 
၇။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။
 
အမြစ်
၁။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။