ကျွန်တော့်ကောင်မလေးကို ကူးမှာစိုးလို့ပါ။ ဘယ်လိုကုရမလဲ ။နှုတ်ခမ်း အာခေါင်ဘေးနဲ့ လိမ်တံထိပ်ဖူးအောက်မှာဖြစ်ပါတယ်။ အဖြူအစိလေးများလိုဖြစ်ပြီး ယားလဲမယား နာလဲမနာပါ၊ အမြန်ပြန်ဖြေပေးစေခြင်ပါတယ်။
နာတာရှည်ရောဂါဖြစ်တယ်။ အဖြူစက်လေးတွေ၊ မျဉ်းကြောင်းလေးတွေလို ပေါက်နေမယ်။ ဇာပန်းထိုးထားသလို၊ အဖြူရောင်၊ အထက်ကိုနည်းနည်းကြွနေတဲ့ အကွက်လေးတွေမြင်ရမယ်။ အနီကွက်လဲဖြစ်နိုင်တယ်။ ရောင်ပြီး နာနေမယ်။ အနာလဲဖြစ်နိုင်တယ်။ ပါးစပ်ထဲမှာ ပါးစောင်၊ သွားဖုံး၊ လျှာ၊ နှုတ်ခမ်း၊ အာခေါင်နေရာတွေမှာဖြစ်တယ်။ မျက်စိ၊ အစာမြိုပြွန်၊ နားမှာလဲဖြစ်နိုင်တယ်။ ဦးခေါင်းခွံနဲ့လက်သည်းတွေမှာလဲ ဖြစ်နိုင်တယ်။
အရေပြားမှာဖြစ်တာထက် ပါးစပ်မှာဖြစ်တာက ပိုပြီး အကုရခက်ပါတယ်။ ကံဆိုးကံကောင်းပြောရမှာကတော့ ပြဿနာ ဖြစ်တာ နည်းပါတယ်။ ပါးစပ်မှာ ဖြစ်နေသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က အရေပြားမှာပါတွဲဖြစ်နေတတ်ပြီး အမျိုးသမီးတွေမှာ ဆိုရင် မွေးလမ်းကြောင်းမှာပါ တွဲဖြစ်နေတတ်တယ်။
ရောဂါသေချာအောင် အသားစဖြတ်ပြီး မှန်ဘီလူးနဲ့စစ်တာလုပ်ရတယ်။ မှို (ဖန်းဂတ်စ် = ရိစ်) ပိုးနဲ့လဲ တွဲဖြစ်နေတတ်တယ်။ အဲလိုဖြစ်နေရင် အဲဒါကိုအရင်ကုပါ။ ရွှေ၊ ပြဒါးတို့နဲ့ မတည့်တာ (အလာဂျီ) ဖြစ်တာနဲ့ ဆင်တူတတ်တယ်။ ဆိုးတာ ဖြစ်နေတာတောင်မှ ခံတွင်းကင်ဆာဖြစ်နိုင်ခြေဟာ မဖြစ်သူတွေထက် သိသာပြီးမများတတ်ပါ။
ဘာလို့ဖြစ်သလဲ အတိအကျ မသိပါ။ ဆေးလိပ်၊ ကွမ်းယာသမားတွေမှာ အဖြစ်ပိုနိုင်တယ်။ အသဲရောင် (စီ) နဲ့ အသဲရောဂါ၊ အသဲရောင် (ဘီ) ကာကွယ်ဆေး၊ Ibuprofen, Naproxen ဆေးတွေ၊ အလာဂျီရစေတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။
ဘာမှတော့ အနေရခက်တာမရှိဘူး။ ဖြစ်လာရင် အနာဖြစ်ပြီး နာတာကိုခံစားရနိုင်တယ်။ အနာဖြစ်လာချိန်မှာ ပူလောင်နေနိုင်တယ်။ အရသာပျက်နိုင်တယ်၊ အပူအစပ်ကို မခံနိုင်ဖြစ်မယ်။ သွေးထွက်နိုင်တယ်။
Symptomatic treatments ရောဂါလက္ခဏာကုကုသခြင်း၊
• ဘာမှမခံစားရရင် ဘာဆေးမှမလိုပါ။
• Corticosteroids (ကော်တီကိုစတီရွိုက်) ဆေး ပေးလေ့ရှိတယ်။ ရောင်တာလျှောမယ်၊ နာတာသက်သာမယ်။ ခံစားရတာသက်သာမယ်။ ဒီဆေးကို mouthwash ပါးစပ်ဆေး ဆေးရည်၊ ointment လိမ်းဆေး၊ gel ဂျဲလ်၊ pill ဆေးပြား အနေနဲ့လာတယ်။
• Retinoids ဗီတာမင် (အေ) လဲပေးနိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ် ရှောင်သင့်တယ်။
• Immune response medicines ခုခံအားလျှော့ဆေး၊ အထူးသတိနဲ့ ပေါ်ရတယ်။ ဥပမာ calcineurin inhibitors ကိုယ်အင်္ဂါအစားထိုးသူတွေကိုပေးတဲ့ဆေး။ tacrolimus (Protopic) နဲ့ pimecrolimus (Elidel) လိမ်းဆေးတွေကို FDA ကတော့ ကင်ဆာနဲ့ပတ်သက်မလား သတိပေးထားတာရှိတယ်။ ဆိုးဝါးတဲ့ ဥပမာ အစာမျိုပြွန်၊ ဦးရေခွံ၊ လိင်အင်္ဂါ နေရာတွေမှာ ဖြစ်ရင်တော့ ဒီအမျိုးအစားဆေးတွေကို သုံးလေ့ရှိတယ်။
• ပါးစပ်-ခံတွင်းကို ထိခိုက်မှု မရှိအောင် ဂရုစိုက်ပါ။ စိတ်ဖိအားလျှော့ချပါ။
ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၃
No comments:
Post a Comment