Tuesday, June 25, 2013

အသားအရေအကြောင်း သင်မသိသေးသော အချက် ၆ ချက်

အသားအရေ ထိန်းသိမ်းမှုကို အလေးပေး လုပ်ဆောင်တာက သဘာဝအလှကို ပိုမိုကြည့်ကောင်းအောင်
ပံ့ပိုးပေးရာ ရောက်ပါတယ်။ အပြင်ထွက်ခါနီး မျက်နှာကို ဘာမှ မလိမ်းခြယ်ခင် မှဲ့တွေကို
စစ်ဆေးတာကိုလုပ်ပြီး အရေပြား အပြောင်းအလဲကို ဆန်းစစ်ပေးတာ၊ နေကာခရင်မ် လိမ်းတာစတဲ့
ကောင်းမွန်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို သိထားသင့်တဲ့အပြင် သင့်အသားအရေနဲ့
ပတ်သက်ပြီး အံ့အားသင့်စရာကောင်းတဲ့ အချက် ခြောက်ချက်ကိုလည်း သိထားသင့်ပါတယ်။
အရေပြားက အခြေခံကျန်းမာရေးကို သဲလွန်စပေးနိုင်ပါတယ် တစ်ခါတစ်ရံ အရေပြား အပြောင်းအလဲဟာ အခြေခံကျန်းမာရေး အခြေအနေကို ပြသတဲ့ သတိပေး လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် သိုင်းရွိုက်ဂလင်းက ထုတ်တဲ့ ဟော်မုန်းတွေဟာ
အရေပြားနဲ့ ဆံပင်တွေကို ကာကွယ်ပေးတဲ့ သဘာဝအဆီတွေနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိပါတယ်။
ဒါကြောင့် သိုင်းရွိုက် ဟော်မုန်းအထွက်များတဲ့ အခြေအနေ (Hyperthyroidism) ဟာ အရေပြား
အပေါ်ယံလွှာ (Epidermis) ကို ထူထဲစေပြီး အရေပြားကို ပျော့ပျောင်းစေနိုင်ပါတယ်။ သိုင်းရွိုက်
ဟော်မုန်းအထွက်နည်းတဲ့ အခြေအနေ (Hypothyroidism) ဖြစ်ရင်တော့ အရေပြား ခြောက်သွေ့
စေနိုင်ကာ လက်ဖဝါး၊ ခြေဖဝါးအရေပြားတွေ ထူထဲနေတတ်ပါတယ်။ အရေပြားဟာ တခြားကျန်းမာရေး
အခြေအနေတွေကိုလည်း ပြသနိုင်ပါသေးတယ်။ လည်ပင်းအရေပြား ညိုမည်းပြီး ထိတွေ့မှု
အပြောင်းအလဲဖြစ်တဲ့ Acanthosis nigricans ဟာ ဆီးချိုသွေးချိုရောဂါနဲ့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။
ဘယ်လို အသားအရောင်ပဲ ရှိရှိ၊ အရေပြားပေါ်မှာ တူညီတဲ့ ရောင်ခြယ် ပစ္စည်းရှိပါတယ်
လူတွေအားလုံးရဲ့ အသားအရေပေါ်မှာ မယ်လနင်ဆိုတဲ့ အရောင်ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်း
ရှိနေပါတယ်။ လူမျိုး မတူတာကြောင့် ရောင်ခြယ်ပစ္စည်း ပမာဏပဲ ကွဲပြားပြီး အသားအရောင် မတူတာမျိုး
ဖြစ်နိုင်ပါတယ်။ မယ်လနင် ဖြစ်စေတဲ့ မယ်လနိုဆိုက်ဆဲလ် အရေအတွက်ကတော့ အတူတူပဲ
ရှိနေတတ်ပါတယ်လို့ အရေပြားအထူးကု အာနိုးအော့ပန်က ဆိုပါတယ်။ ဒါပေမဲ့ မယ်လနင်ပါတဲ့
မယ်လနိုဆုမ်း မတူတာကြောင့် အရေပြားအရောင် အပြောင်းအလဲ ဖြစ်ရတာပါ။
အသက်ကြီးလာတဲ့အခါ အရေပြားဆဲလ်တွေက နှေးကွေးစွာ အသစ်လဲတယ်
ကလေးတွေက ပင်ကိုအားဖြင့် နှင်းဆီရောင် အသားအရေကို ပိုင်ဆိုင်တယ်ဆိုတာ သိပါရဲ့လား။ လူတွေရဲ့
အသားအရေတွေက ဆဲလ်သစ်တွေ ထွက်ပြီး ဆဲလ်သစ်တွေက အရေပြား မျက်နှာပြင်ဆီ တဖြည်းဖြည်း
ရောက်ရှိကာ အသစ်လဲလှယ်ပါတယ်။ ငယ်ရွယ်တဲ့ လူတွေရဲ့ အရေပြားမှာ ဆဲလ်သစ်တွေ
အသစ်ထွက်နှုန်း များပါတယ်။ ကလေးတွေမှာဆိုရင် နှစ်ပတ်- သုံးပတ်ကြာတိုင်း ဆဲလ်သစ်တွေ
လဲလှယ်တာကြောင့် တောက်ပကြည်လင်တဲ့ အသားအရေကို ရရှိစေတာပါ။ အသက်ကြီးလာတဲ့အခါ
အရေပြားဆဲလ် အသစ်ဖြစ်ပေါ်နှုန်းက နှေးလာပါတယ်။
ဆဲလ်သေတွေက အရေပြား မျက်နှာပြင်ပေါ် စုပုံနေလေလေ နွမ်းနယ်ပြီး ရေဓာတ်ခန်းခြောက်နေတဲ့
အသွင်ဖြစ်လေလေပါပဲ။ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှုကြောင့် အရေပြားဆဲလ် အသစ်လဲနှုန်း
နှေးသွားပါတယ်။ အကြောင်းကတော့ ခရမ်းလွန်ရောင်ခြည်က ဆဲလ်ဖြစ်ပျက်နှုန်းကို လျော့ကျစေလို့ပါ။
ဒါကြောင့် အသက်ကြီးချိန်မှာ ဆဲလ်အသစ်လဲလှယ်နှုန်း အားကောင်းအောင် ဗီတာမင်၊ ရက်တီးနွိုက်တို့ပါတဲ့
အင်တီအောက်ဆီးဒင့် ခရင်မ်ကိုလိမ်းဖို့နဲ့ ကြေးချွတ်သန့်စင်ဖို့ လိုအပ်ကြောင်း အရေပြား အထူးဆရာဝန်
ဖရန်စီစကာက ဆိုပါတယ်။
အကြောပြတ်ရာတွေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ထားနိုင်တယ်
ကိုယ်ဝန်ဆောင်ရတာ၊ ကိုယ်အလေးချိန် အတက်အကျ ဖြစ်တာနဲ့ ဆယ်ကျော်သက် ကြီးထွားနှုန်း
မြန်တာတွေ အားလုံးက အကြောပြတ်ရာတွေကို ဖြစ်စေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အကြောပြတ်ရာက
ပေါင်၊ တင်ပါးနဲ့ ဝမ်းဗိုက်တို့မှာ အဓိက ဖြစ်တတ်ပါတယ်။ ကော်လာဂျင်နဲ့ အီလက်စတင်တို့
အားနည်းတာကြောင့် အရောင်ဖျော့တဲ့ အရေပြားမှာ အနီနဲ့ ခရမ်းရောင် အကြောပြတ်ရာတွေ
ပေါ်ရတာပါ။ အကြောပြတ်ရာတွေ မဖြစ်အာင် ရက်တီးနွိုက် ခရင်မ်လိမ်းပေးပါ။ ဒါကဆဲလ်အသစ်
ဖြစ်ပေါ်မှုနဲ့ အရေပြား အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ အရင်က ဖြစ်ဖူးတဲ့ အကြောပြတ်ရာတွေ
လျော့ပါးအောင် လေဆာနည်းနဲ့ ကုသပေးနိုင်ပါတယ်။
အရေပြားအဆီပြန်မှုဟာ အဲဒီနေရာမှာ ပေါက်တဲ့ အမွေးအမျိုးအစားကို ညွှန်ပြ ပေးနိုင်ပါတယ်
အရေပြားနဲ့ အမွေးအမှင်က ဆက်စပ်မှု ရှိပါတယ်။ အဆီဂလင်းဟာ ဆံချည်မျှင်အိတ် နေရာမှာ
ရှိတာကြောင့် စိုပြည်စေပါတယ်။ “ကြီးမားတဲ့ အဆီဂလင်းတွေ ရှိတဲ့နေရာမှ အဆီတွေပိုထွက်စေပြီး
အမွေးတွေ ကျဲပါးနေတတ်ပါတယ်၊ အဆီဂလင်း သေးငယ်တဲ့နေရာမှ အဆီထွက်နှုန်း နည်းပြီး အမွေးတွေ
ထူထဲနေတတ်ပါတယ်” လို့ အရေပြားအထူးကု ဒေါက်တာအော်ဖန်က ဆိုပါတယ်။ မျက်နှာရဲ့
အလယ်နေရာ (T Zone) မှာ နေရာမှာ အဆီပြန်တဲ့ အသားအရေရှိတာက အဲဒီနေရာမှာ ကြီးမားတဲ့
အဆီဂလင်းရှိနေလို့ပါ။ ဒါကြောင့် မုတ်ဆိတ်နဲ့ ပါးသိုင်းမွေးထူတဲ့ အမျိုးသားတွေတောင်
မျက်နှာအလယ်ပိုင်းမှာ အမွေးမပေါက်ကြပါဘူး။ အစွန်အဖျားနေရာတွေမှာ အရေပြား ခြောက်သွေ့
နေတာက သေးငယ်တဲ့ အဆီဂလင်း ရှိနေလို့ပါ။
သက်ကြီး အစက်ပြောက်တွေကိုနေရောင်ကြောင့်ဖြစ်တဲ့ အစက်တွေလို့ခေါ်သင့်ပါတယ်
အသက်ကြီးချိန်မှာ ထွက်တဲ့ မျက်နှာပေါ်က အညိုရောင်အစက်တွေဟာ နေရောင်ခြည်ဒဏ်ကို
နှစ်ပေါင်းများစွာ ခံရတာကြောင့် ဖြစ်ရတာပါ။ “သက်ကြီး အစက်အပြောက်ဆိုတာ ခရမ်းလွန်ရောင်ခြည်
ထိတွေ့မှုကြောင့် ဖြစ်ရတဲ့ ထိခိုက်မှုတစ်ခုပါပဲ” လို့ ဒေါက်တာဖူဆိုက ရှင်းပြပါတယ်။
ရောင်ခြယ်ဆဲလ်တွေက အရေပြား အပေါ်ယံလွှာမှာ စုပုံနေတာကြောင့် အညိုစက်တွေ ပေါ်လာရတာပါ။
သက်ကြီး အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ဖို့ နံနက်တိုင်း နေရောင်ကာ ခရင်မ်လိမ်းပါ။
နေပူထဲမှာ ကြာကြာမနေသင့်ပါ။ “ သင်သုံးတဲ့ SPF က ၃၀ ဆိုရင် ခရမ်းလွန်ရောင်ခြည် အေရော ဘီကိုပါ
ကာကွယ်ပေးနိုင်ပါတယ်”လို့ ဒေါက်တာဖူဆိုက အကြံပေးထားပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref: Good Health http://news.yatanarpon.com.mm/cp/goodhealth/article-51704
♥♥ရေးသားချိန်♥♥ 6:38 AM ♥♥ရေးသူ♥♥ ကိုဦး

No comments: