ကျွန်မ မောင်လေး ဖြိုးငယ်က ရေနွေးကြမ်းသောက်ခြင်း ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ရေးပေးပါလို့ ပြောထားပေမယ့် အကြောင်း အမျိုးကြောင့် နှောင့်နှေးရင်း အခုမှ ရေးပေးဖြစ်ပါတယ်။
လူသားတိုင်းဟာ လူမျိုးအလိုက် လက်ဘက်ရည်ကို သောက်သုံးခဲ့ကြတာ နှစ်ပေါင်း အတော်ကြာကတည်းကဖြစ်ပြီး အရှေ့တောင် အာရှနိင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း လက်ဘက်ရည်ကြမ်း (ရေနွေးကြမ်း) ကို နေရာအတော်များများမှာ အရေးတယူသောက်သုံးကြတာကိုတွေ့ရပါတယ်။
ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အတန်အသင့် သောက်သုံးမယ်ဆိုရင် အကျိူးဆက်ပေါင်းများစွာ ရရှိနိုင်ပေမယ့်လည်း အလွန့်အကျွံ သောက်သုံးမိမယ်ဆိုရင်လည်း ဘေးထွက်ဆိုး များဖြစ်နိုင်ကြောင်း တွေ့ရှိနိုင်တယ် ။
ရေနွေးကြမ်းကို သောက်သုံး ခြင်းဖြင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့
၁။ ရေနွေးကြမ်းနှင့် ကင်ဆာ
ရေနွေးကြမ်းသောက်သုံးခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယာ ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။
၂။ ရေနွေးကြမ်းနှင့် နှလုံးရောဂါ
ရေနွေးကြမ်းတွင်ပါဝင်သော catechin ဟု အများသိကြသော polyphenols သည် ဂရိတ်ဖရုသီး ၊ ဝိုင်တို့တွင်ပါဝင်သောပမာဏ ထက်ပိုများပြီး သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုးဖြစ်စေသော အဆီများကို တိုးစေခြင်း ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် ဦးဏှောက်သွေးကြောပိတ်ခြင်းတို့ကို ဖြစ်စေနိုင်သော အလွန်အမင်းသွေးခဲခြင်းကို လျော့နည်းစေခြင်းတို့ကိုဖြစ်ပေါ်စေသည် ။ ထို့ကြောင့် ရေနွေးကြမ်းသောက်သုံးခြင်းသည် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ ဦးဏှောက်သွေးကြောပိတ်မှုရောဂါများ ဖြစ်ပွားမှုနှုန်းကို ကျဆင်းစေခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။
၃။ရေနွေးကြမ်းနှင့် အဆီဓါတ်
ရေနွေးကြမ်းသောက်သုံးခြင်းသည် သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုး ဖြစ်စေသော အဆီများကို တိုးစေခြင်း ကိုလည်း ပြုလုပ်ပေးပါတယ်။
၄။ ရေနွေးကြမ်းနှင့် အသည်း
ရေနွေးကြမ်းဟာ အရက်ကြောင့်ဖြစ်သော ၊ ဆေးလိပ်ကြောင့်ဖြစ်သော ဓါတုပစ္စည်းများကြောင့် အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
၅။ ရေနွေးကြမ်းနှင့် ကိုယ်အလေးချိန်
ထမင်းစားစဉ်အတွင်း ရေနွေးကြမ်းသောက်ခြင်းသည် အစာစားချင်စိတ်ကို နည်းပါးစေခြင်း၊ ရင်ပြည့်လွယ်စေခြင်း၊ ဇီဝဖြစ်စဉ်ကို ပိုမိုပြင်းထန်လောင်ကျွမ်းစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ကိုယ်အလေးချိန် လျော့ကျရန်အတွက် ရေနွေးကြမ်းကို သောက်သုံးနိုင်ပါတယ်။
၆။ ရေနွေးကြမ်းနှင့် သွေးချို၊ ဆီးချိုရောဂါ
ရေနွေးကြမ်းသည် သွေးထဲတွင်ရှိသည့် သကြားဓါတ်ကိုကျစေခြင်း ၊ အင်ဆူလင်၏ အာနိသင်ကိုအားပေးခြင်းအားဖြင့် ဆီးချိုရောဂါကို ထိန်းပေးပါတယ်။
၇။ ရေနွေးကြမ်းနှင့် ခံတွင်း ရနံ့
ရေနွေးကြမ်းတွင်ပါဝင်သော polyphenols ဟုခေါ်သော ဓါတ်တမျိုးသည် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေသော လျှာနှင့် လည်ချောင်းတွင် ပေါက်ပွားတတ်သော အကောင်ငယ်ကလေးများ၊ ဘက်တီးရီးယား ပိုးများကို မပေါက်ပွားစေရန် ကာကွယ်နိုင်သောကြောင့် ရေနွေးကြမ်းသောက်ခြင်းသည် ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။
ခံတွင်းရနံ့ဆိုးစေသော အခြားအကြောင်းအရင်းများမှာ
၁။ ပါးစပ်ခြောက်ခြင်း၊
၂။ အသားဓါတ်ပါသော အစာများ၊ သကြားဓါတ်ပါသော အစာများကိုစားသုံးခြင်း၊
၃။ ဆေးလိပ်သောက်ခြင်း၊
၄။ သွားပိုးစားခြင်းနှင့် ခံတွင်းနှင့်ဆိုင်သော ရောဂါများ၊
၅။ နှာခေါင်း နှင့် ယင်း၏ အနီးတဝိုက်တွင် ရောဂါပိုးဝင်ခြင်း တို့ ဖြစ်သောကြောင့် ထိုသို့သော လက္ခဏာရှိသူများသည် ခံတွင်း၏ အပေါ်ယံအမြှေးပါးများကို ခြောက်ခန်းစေပြီး ပိုးများကိုပိုမိုပေါက်ဖွားစေသော ငုံဆေးများကိုသုံးမည့်အစား ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းသင့်ပါတယ်။
၈။ ရေနွေးကြမ်းနှင့် သွေးတိုးရောဂါ
ရေနွေးကြမ်းတွင်ပါဝင်သော catechins သည် သွေးကြောများကို ကျုံ့စေခြင်းဖြင့် သွေးတိုးခြင်းကို ဖြစ်စေနိုင်သော အင်ဇိုင်းတမျိုး၏ လုပ်ငန်းများကို နှောင့်နှေးစေခြင်း၊ သက်ဆိုင်ရာ အစိတ်အပိုင်းများသို့ သွေးရောက်ရှိမှုကို နည်းပါးစေပြီး အသက်ဆုံးရှုံးသည် အထိ လူသားတို့အားဒုက္ခပေးတတ်သော သွေးကြောများ၏ နံရံတွင် ကပ်၍နေတတ်သော အဆီများကိုလျော့ ကျစေခြင်းဖြင့် သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၉။ ရေနွေးကြမ်းနှင့် တုတ်ကွေးရောဂါ
ရေနွေးကြမ်းတွင် ပါဝင်သော tannin သည် တုတ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုး၏ လုပ်ငန်းဆောင်တာများကို ဟန့်တားပေးပါတယ်။
၁၀။ ရေနွေးကြမ်းနှင့် သွားပိုးစားခြင်း
ရေနွေးကြမ်းတွင် ပါဝင်သော သဘာဝဖလူအိုရင်း (fluorine) သည် သွားများ၏ အပေါ်ယံလွှာကို ပိုမိုခိုင်မာစေခြင်း၊ ၊သွားများ၏ အခေါင်းများထဲတွင် ကျက်စားနေတတ်သော ပိုးများကို သေစေနိုင်သောကြောင့် သွားပိုးစားမှုကို လျော့ကျစေခြင်း တို့ကိုဖြစ်စေပါတယ်။
၁၁။ ရေနွေးကြမ်းနှင့် အရိုးပွရောဂါ
အသက်ကြီးသော အမျိုးသားများနှင့် မီးယပ်သွေးဆုံး အမျိုးသမီးများတွင် ဖြစ်ပေါ်တတ်သော အရိုးပွခြင်း ကာကွယ်ရန်
၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း
၂။ တနေ့လျှင် Vitamin D 400I U သောက်သုံးပေးခြင်း
၃။ တိရစ္ဆာန်များမှ ရသော အသားဓါတ်သည် ခန္ဒာကိုယ်တွင် ရှိသည့် ထုံးဓါတ်ပမာဏကိုလျော့ကျစေသဖြင့် ယင်းအစား ပဲနို့ကိုသောက်သုံးပေးခြင်း
၄။ နေ့စဉ် ယမကာသောက်သုံးသည့် ပမာဏကို လျှော့ချပေးခြင်း
၅။ တနေ့လျှင် ရေနွေးကြမ်း ၃ခွက် သို့မဟုတ် ၃ခွက်ထက်ပို၍ သောက်သုံးခြင်းကို ပြုလုပ်သင့်ပါတယ်။
၁၂။ ရေနွေးကြမ်းနှင့် လန်းဆန်းမှု
ရေနွေးကြမ်းတွင် ကာဖင်းဓါတ် ၅-၁.၂% ပါဝင်နေသောကြောင့် အတန်အသင့် သောက်သုံးပါက အာရုံစူးစိုက်မှုကို ပေးခြင်း၊ နိုးကြား လန်းဆန်းစေခြင်းကိုဖြစ်စေပါတယ်။
၁၃ ။ ရေနွေးကြမ်းနှင့် ဝမ်းလျှောရောဂါ
ထို့အပြင်ရေနွေးကြမ်း ကို ဝမ်းလျှောနေသူများအတွက် ဝမ်းပိတ်စေရန်အလို့ငှာ တိုက်ကျွေးနိုင်ပါတယ်။
ရေနွေးကြမ်းကိုသောက်သုံးခြင်းဖြင့်ရရှိနိုင်သော ဆိုးကျိုးများမှာ
၁။ရေနွေးကြမ်းနှင့် ဂဏာမညိမ်ခြင်း
ရေနွေးကြမ်းကို အလွန့်အလွန်သောက်သုံးလျှင် ၎င်းတွင်ပါဝင်သော ကာဖင်း၏ ပင်မအာရုံကြောမကြီးကို လှုံဆော်ပေးမှုကြောင့် ရသော အကျိုးဆက်များဖြစ်တဲ့
၁။ အသက်ရှုမြန်ခြင်း၊
၂။ နှလုံးခုန်မြန်ခြင်း၊
၃။ ခေါင်းကိုက်ခြင်း
၄။ သွေးပေါင်ချိန်တက်ခြင်း
၅။ နှလုံးခုန်မမှန်ခြင်း
၆။ အိပ်မပျော်ခြင်း
၇။ စိတ်ပူပန်တတ်ခြင်း
၈။ ဂဏာမညိမ်ဖြစ်ခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။
၂။ ရေနွေးကြမ်းနှင့် အစာစားလိုစိတ်
ရေနွေးကြမ်းတွင် အဓိက ပါဝင်သော ဓာတုပစ္စည်းမှာ Tennin ဖြစ်ပြီး ၎င်းကို သားရေများကို မာစေရန်အလို့ငှာ အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် ၎င်းကို သောက်သုံးမိသည့် အခါတွင်လည်း tennin သည် အစာအိမ်နှင့် အူလမ်းကြောင်း တလျှောက်ရှိ အမြှေးပါးများကို မာကျော ခြောက်သွေ့ေစေပြီးလျှင် အစာမကျေခြင်း၊ အစားပျက်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။
၃။ရေနွေးကြမ်းနှင့် သွေးအားနည်းရောဂါ
Tennic acid သည် ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှုကို အနှောက်အယှက် ဖြစ်စေသောကြောင့် ရေနွေးကြမ်းကို အမြောက်အများသောက်သုံးပါက သံဓါတ်နည်းမှုကြောင့်ဖြစ်ပေါ်သော သွေးအားနည်းမှုကို ခံစားရစေနိုင်ပါတယ်။
၄။ ရေနွေးကြမ်းနှင့် မှိုအန္တရာယ်
ရေနွေးကြမ်းပြုလုပ်မည့် လက်ဘက်ခြောက်ကို ခြောက်အောင်ပြုလုပ်သည့် အဆင့်ဆင့်တွင် သန့်ရှင်းမှုကိုလိုက်၍ မှိုစွဲကပ်ခြင်းများ ဖြစ်ပေါ်စေသောကြောင့် ၎င်းမှိုများအလိုက် လူသားတို့အား အန္တရာယ်ပေးနိုင်ပါတယ်။
ရေနွေးကြမ်းကို အလွန်အကျွံမသောက်သုံးသင့်သူများမှာ
၁။ အစာအိမ်ရောဂါကြောင့် ရင်ပူတတ်သူများ
၂။ စိတ်ဖိစီးမှုများသူများ
၃။ အိပ်မပျော်သူများ
၄။ hyperthyroid ရောဂါရှိသူများ
၅။ သွေးကျဲဆေးသောက်ထားရသူများ ပဲဖြစ်ပါတယ် ။
ကဲ.. မောင်လေး ဖြိုးငယ်လည်း ကျေနပ်နိုင်ပါလိ့မ်မယ်လို့ထင်ပါတယ်…။ အားလုံးသိကြတဲ့ အတိုင်း ကျမ မွန်းသက်ပန် ဟာ ရေနွေးကြမ်းဆိုင်ရာ ကျွမ်းကျင်သူ တယောက် မဟုတ်လို့ ကျမတင်ပြမှုများမှာ လိုအပ်တာများရှိရင် ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။ အကျိုးအကြောင်း ဆီလျှော်တဲ့ ဝေဖန်မှုများကို ကြိုဆိုလျှက်ပါ…
မွန်းသက်ပန် (ဆေး-၁)
No comments:
Post a Comment