Tuesday, June 25, 2013

အသည်းကျွတ်ရောဂါ ကုသပျောက်ကင်းနိုင်သော ဆေးနည်းတစ်မျိုးအား ဖော်ထုတ်တင်ပြခြင်း

ရည်ရွယ်ချက်
ပိုမို ကောင်းမွန် ထက်မြက်သော အသည်း ဆေးများ ဖော်ထုတ် အသုံးပြု ကုသနိုင်ရန် ရှေးကျမ်းများ ထဲတွင် အစွမ်းထက် ဆေးနည်းများ ရှာဖွေ ဖော်ထုတ် အသုံးပြု နိုင်ကြရန်နှင့် ဆက်လက် သုတေသန ပြုနိုင်ကြရန် ရည်ရွယ် ပါသည်။
နိဒါန်း
အသည်းကျွတ် ရောဂါသည် အသည်း ဆဲများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း တုန့်ပြန် အမျှင် တစ်သျှူး အတန်းများ ဖြာယှက်၍ အကြားတွင် ပြန်လည် တိုးပွား လာသော ဆဲလ် (cells) များဖြင့် တည်ဆောက်သော အခြေအနေ၊ အသည်းသည် ဝါညိုရောင်ဖြစ်လာ၍ အဖု အကြိတ် ထွက်သော အခြေအနေ ဖြစ်ပါသည်။ ဖြစ်စေသော အကြောင်းအရင်းများမှာ အရက်စွဲခြင်း Alcoholic Cirrhosis, ဗိုင်းရပ် (စ်) Viruses ပိုးများ ကြောင့် လည်းကောင်း၊ သည်းခြေ ပြွန်ဆုံ နာတာရှည် ပိတ်ဆို့ခြင်း Secondary biliary Cirrhosis, Auto immune ရောဂါ Chronic Aggressive hepatitis, primary billary cirrhosis နာတာရှည် နှလုံး အားနည်း ရောဂါများ Cardiac Cirrhosis ဟူ၍ ဖြစ်သည်။ အသည်းကျွတ် လူနာ တစ်ဝက်ခန့်တွင် အကြောင်း အရင်း မတွေ့ပါဟု အနောက်တိုင်းမှ ဆိုပါသည်။အသည်းကျွတ် ရောဂါသည် ကုသရန် ခက်ခဲပြီး အသက် အန္တရာယ် ပေးစေနိုင်သော ရောဂါဖြစ် ပါသည်။ ဖြစ်လာလျှင် လုံးဝ ပြန်လည် ကောင်းမွန်အောင် ကုသနိုင်သော အစွမ်းထက် ဆေးများ ရှားပါးလှပါသည်။ ထိုသို့ ရှားပါး လှသော အသည်းကျွတ် ရောဂါ ကုသနိုင်ရန် ဆေးများသည် ရှေးဟောင်း ဆေးကျမ်းများ တွင် ရှာဖွေ တွေ့ရှိ နိုင်ကြောင်း မသိရှိ ကြသော ကြောင့် လည်းကောင်း ရှာဖွေရန် အခက်အခဲ အမျိုးမျိုး ကြောင့် လည်းကောင်း၊ အသည်းကျွတ် ရောဂါ အတွက် ဆေးများ ရှားပါး နေခြင်း ဖြစ်သည်။ ကျွန်တော် ကိုယ်တိုင် ရောဂါ ခံစားခဲ့သော လူနာအဖြစ် ဆိုးဝါး ပြင်းထန်စွာ ခံစားခဲ့ရပြီး ‘သာရကောမုဒိ’ ကျမ်းလာ အသည်းဆေး တစ်မျိုးအား ဖော်စပ် သောက်သုံးခဲ့ခြင်းဖြင့် ပကတိ အတိုင်း ပြန်လည် ကျန်းမာ လာခဲ့ပါသည်။ထို့ကြောင့်ခိုင်မာသော ကျမ်းဝင်ဆေးဝါးလည်းဖြစ် ကျွန်တော်ကိုယ်တိုင် ပျောက်ကင်းခဲ့သော ဆေးဝါး ဖြစ်သောကြောင့် တိုင်းရင်း ဆေး ပညာရှင်များ အနေဖြင့် အသုံးပြုနိုင်ရန် မျှဝေလိုသော စိတ်စေတနာဖြင့် ဤစာတန်းကို ရေးသားအပ်ပါသည်။ကျွန်တော် အလုပ်သင် တာဝန် ရန်ကုန်(၆)လ နောက်ဆုံး လတွင် ရောဂါ လက္ခဏာများ စတင် ခံစားရပါ သည်။

အသည်းကျွတ် ရောဂါ လက္ခဏာများ
-ဆီးနီခြင်း၊ နဲခြင်း၊ မျက်လုံးနှင့် လျှာအနည်းငယ်ဝါခြင်း
-ဝမ်းချုပ်ခြင်း
-ခန္ဓာကိုယ် လေးလံ ထိုင်းမှိုင်းခြင်း၊ အိပ်ချင်ခြင်း၊ မထလိုခြင်း
-ရောဂါဖြစ်စတွင် ခန္ဓာကိုယ်တွင်း ပူလောင်ခြင်း၊ အပေါ်ပိုင်း ချွေးထွက်များခြင်း
-အသည်းထိပ် နေရာများ နာကျင်ခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်း
-အစာအိမ်နှင့် အသည်း ထိစပ်သော နေရာတွင်ဖုနေခြင်း
-ပူသောအစာ ငရုတ်သီး၊ အရက်၊ လက်လုပ်ချဉ်များ စားလျှင်ရောဂါတိုးခြင်း
-အသည်းနာကျင်မှု ပိုလာသောအခါ ချွေးမထွက် နိုင်ခြင်း၊ ကိုယ်သား ကိုယ်ရေနွေးခြင်း
-ခန္ဓာကိုယ်အတွင်းပိုင်းတွင် နီညိုရောင် အစက်အပျောက်များ ထင်ခြင်း

စသည့် လက္ခဏာများ ခံစားရပါသည်။ ထို့ကြောင့် အသည်းဆေးချက် ဆေးအမှတ် - ၆၊၁၊၂၁ ဆေးများ သောက်ပါသည်။ (၅) ရက်ဝေဒနာ လျော့ခြင်းမရှိ၍ ဆရာကြီး ဦးကျော်စိန်ထံ သွားရောက် မေးပါသည်။ ဆရာကြီးမှ Glucose တစ်ထုတ်ဝါဠုက ရွှေပြာ(၂)ပဲသား ရောစပ်၍ ကော်ဖီဇွန်းနှင့် မနက်၊ နေ့၊ ည တစ်နေ့ (၃) ကြိမ်သောက်ခိုင်းပါသည်။ ကျွန်တော် သောက်ပါသည်။ သက်သာပါသည်။ (၁၅)ရက်ခန့်သောက်လိုက်သည်။ အတော်သက်သာပါသည်။

အလုပ်သင်ပြီး ရန်ကုန်မှ အပြန် မန္တလေးတွင် Rum နှစ်ပတ် သောက်မိ ပါသည်။ နောက်နေ့တွင် လုံးဝ လမ်းမလျှောက် နိုင်သည် အထိ နာကျင်မှု ခံစားရပါသည်။ အနောက်တိုင်း ဆေးနှင့် ကုသခံယူ၍ ပြသခဲ့ပါ သည်။ Cirrhosis of Liver ဟု အဖြေထွက် ပါသည်။ ထိုအဖြေ ထွက်လျှင် (၆)လခန့်သာ အသက်ရှင် နိုင်ကြောင်း ပညာရှင်များ ခန့်မှန်းကြပါသည်။ ဆရာညွှန်ကြားသော ဆေးထဲတွင် ဆေးအမှတ် (၉)ကဲ့သို့ တိုင်းရင်းဆေး တစ်မျိုးပါ ပေးပါသည်။ တိုင်းရင်း ဆေးဖြင့် ကုသသင့် ကြောင်းလည်း ပြောပါသည်။ကျွန်တော်သေလျှင် အိမ်ပြန်သေတာ ကောင်းမည်ဟုစဉ်းစား၍ တောင်သာမြို့သို့ပြန်ပါသည်။ ဖခင်မှ တိုင်းရင်းဆေးများဖြင့် ကုသပေးပါသည်။ သက်သာမှု မရှိပါ။ အမ ဝမ်းကွဲ (သူနာပြု)မှ “ငါ့မောင် မသက်သာလျှင် ဆေးရုံတက် ကုကြည့်ပါ” ဟုဆို၍ တောင်သာဆေးရုံတွင် (၁)လခွဲခန့် ကုသမှု ခံယူခဲ့ပါသည်။ ထိုအချိန်တွင် ဆရာဝန်ကြီး Inosea သို့မဟုတ် Tiotan ပုလင်းကြီးတွင် ရောစပ်၍ တစ်နေ့တစ်လုံး Drip ချိတ်ပေးပါသည်။ Gurosan နံနက်/နေ့/ည (၅)လုံး (၃)ကြိမ် သောက်ခဲ့ ရပါသည်။ နေ့စဉ်ဆေးသွင်း နေမှ သက်သာပါသည်။ ဆေးရပ် လိုက်လျှင် ပြန်နာ လာပါသည်။ ထို့ကြောင့် (၁)လခွဲ အကြာတွင် ဆေးရုံမှ သက်သာချင် ဟန်ဆောင်၍ ဆင်းခဲ့ပါသည်။ အိမ်တွင် အမမှ ဆေးချိတ် ပေးပါသည်။ ကျွန်တော် တိုင်းရင်းဆေးဖြင့် ကုသရန် ဆေးရှာဖို့ လိုပြီဟု ယူဆ၍ ဖခင် ဝယ်ထားသော ဆေးကျမ်း များအား ရှာဖွေ ခဲ့ပါသည်။

သာရကောမုဒိ ဆေးကျမ်းထဲမှ အသည်းနှလုံး၊ အဆုတ်ရောဂါများအတွက် ကုသရန် ဆေးနည်း (၈) မျိုး ထဲမှ ယခုတင်ပြသော ဆေးနည်းကို ရွေးချယ်လိုက်ပါသည်။ဆေးနည်းတွင် ကလောသီးအများဆုံး ပါဝင်နေသောကြောင့် ကျွန်တော့် ခံနိုင်ရည်ကြည့်၍ ကလောသီး တစ်ဆလျော့၍ ဖော်စပ်သောက်သုံး ကုသခဲ့ပါသည်။ အသည်းကျွတ်ရောဂါ အဇ္ဇုတ္တိက ပထဝီ ဖျက်ရန် ဆေးချက်-
နံနက်-ဆေးအမှတ် ၂၁ (၇)ပြား သံပုရာရည်
နေ့-သာရကောမုဒိ (အသည်းဆေး) (၅)လုံး သံပုရာရည်
ညနေ-ဆေးအမှတ် ၁(၅)ပြား သံပုရာရည်
ည-ဆေးအမှတ် ၁၂ - ကနခို အခိုးသတ် (၃)ပြား ရေအေး
ဆေးသုံးပတ် သောက်ပြီးသောအခါ လျှာလုံးဝမဝါတော့ပါ သွားလာလှုပ်ရှားသော်လည်း အောင့်ခြင်း၊ နာခြင်း မရှိတော့ပါ။ လေးပတ်သောက်ပြီး ပကတိကောင်းမွန်သော အနေအထားသို့ ရောက်ပါသည်။ ကျွန်တော်ဆေးကို (၆)လဆက်သောက်ခဲ့ပါသည်။

ထိုဆေးချက်အတိုင်း အခြားအသည်းရောင် အသားဝါလူနာများအား ကုသကြည့်ရာ (၃)ရက်မှ (၇) ရက် အတွင်း သက်သာ ပျောက်ကင်းကြောင်း တွေ့ရပါသည်။“သာရကောမုဒိ အသည်းဆေးနည်းမှာ” –
(၁) အိပ်မွေ့သီး
(၂) ပန်းနု
(၃) ဆားငါးပါး
(၄) ပင်လယ်ရေမြှပ်
(၅) ကြစုသီး
(၆) ထန်းနို့ပြာ
(၇) ကျောက်ဖရုံသီး
(၈) တြိကဋုတ်
(၉) ရှိန်းခို
(၁၀) ကန့်ချုပ်မြစ်
(၁၁) စစ်သိမ်မြစ်
(၁၂) စမုန်နက်
(၁၃) လက္ချား
(၁၄) ဇဝက်သာ
(၁၅) စစ်သိမ်၊ ငှက်ပျော၊ ပေါက် လက်ပံ၊ မုန်လာ၊ ချင်း၊ ကန့်ချုပ်၊ ဖုန်သောပြာ
(၁၆) မန်ကျည်းသီး
ဤဆေး ၂၃ မျိုး ၁ ကျပ်သားစီ ဖော်ပါသည်။ တင်လဲ ၂၃ိ/- ကျပ် ကလောသီး ၂၃ိ/- ကျပ် နယ်၍ ရွေးကြီးလုံးခန့်လုံး၍ သုံးစွဲခဲ့ပါသည်။ ကျွန်တော် ယခုကဲ့သို့ အသက်ရှင် ရပ်တည်နိုင်ခဲ့၍ တိုင်းရင်းဆေး အပေါ် ပိုမိုယုံကြည်ခဲ့ ပျော်ရွှင်ဝမ်းမြောက် ဂုဏ်ယူ ခဲ့ရပါသည်။

နိဂုံး
ကျွန်တော် ကိုယ်တိုင် ကုသ၍ ပျောက်ကင်းသော အသည်း ဆေးနည်းအား အများ ပြည်သူများ အသုံးပြုနိုင်ရန် ရှေးဟောင်း ကျမ်းများမှ အနှစ်သာရရှိ အစွမ်းထက်ဆေးနည်းများ ဖော်ထုတ်အသုံးပြုနိုင်ကြရန် ဤစာတမ်းကို ရေးသား ရပါသည်။ဤစာတမ်း ရေးသား ဖတ်ကြားခွင့် ပြုသော တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် MEU အဖွဲ့အား လည်းကောင်း၊ ရေးသားရန် တိုက်တွန်းပေးပါသော မြန်မာ့တိုင်းရင်းဆေးဆရာအသင်း ဥက္ကဠနှင့် အမှုဆောင်များ အား လည်းကောင်း အထူး ကျေးဇူး တင်ရှိပါ ကြောင်း နိဂုံးချုပ် တင်ပြအပ်ပါသည်။ ဦးစံလှဘော်၊ မြို့နယ်တိုင်းရင်းဆေးမှူး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

No comments: