Saturday, December 29, 2012

အရပ်ရှည်စေမည့် အစားအစာများ

Mg Mandalay
အရပ်ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။ အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ... ဆယ်ကျော်သက်ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။
ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။
သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရဓာတ်တွေကိုချည်း စားရမှာမဟုတ်ဘဲ တခြားဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင်ဓာတ်တွေအပါအဝင် မျှတတဲ့ အစာအာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည်စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။

ဗီတာမင် အေ
ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံဆိုင်ရာ ဖြစ်စဉ် တွေကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။
ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ယေဘုယျအားဖြင့် လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေပါ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ အနီရောင် ငရုတ်ပွ တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဆော်လမွန်ငါး၊ အသည်း၊ နို့ထွက်ပစ္စည်း၊ ကြက်ဥအနှစ်၊ သင်္ဘောရွက်၊ ကိုက်လန်၊ သဖန်းသီးခြောက်၊ ကီဝီသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေမှာလည်း ပါဝင်ပါတယ်။

ပရိုတင်း
ပရိုတင်းဟာ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ်တစ်သျှူးတွေ ဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့၊ ရောဂါပိုး တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးဖို့တွေအတွက် အရေးကြီးပါတယ်။
အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ အခွံမာသီး၊ ပဲပိစပ်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ်လိုအပ်ချက်ကတော့ ၄၅-၅၅ ဂရမ် ဖြစ်ပါတယ်။

ဗီတာမင် ဒီ
ဗီတာမင်ဒီဟာ အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ အစားအစာတွေမှ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပြီး အရိုးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေကို ဖြစ်စေပါတယ်။
ကြက်ဥအနှစ်၊ ငါး၊ အသည်းတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်နိုင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏက ၄၀၀ IU ဖြစ်ပါတယ်။

အမျှင်ဓာတ်
အမျှင်ဓာတ်ဟာ အစာတွေကို အူမကြီးထဲမှာ မြန်မြန်ဖြတ်သန်းသွားအောင် ကူညီပေး ပါတယ်။ ဒါကြောင့် စွန့်ပစ်ရမယ့် အညစ်အကြေးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ စုပ်ယူတာကို လျော့နည်းစေပါတယ်။ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။

သတ္တုဓာတ်များ
လူ့ခန္ဓာကိုယ်ဟာ အရပ်ရှည်ဖို့၊ အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့၊ လက်သည်း၊ ခြေသည်း၊ သွား၊ အာရုံကြော၊ သွေး၊ ဗီတာမင်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ဖို့အတွက် သတ္တုဓာတ် အမျိုး ၈၀ ကျော်အောင် အသုံးပြုရပါတယ်။
သွေးလှည့်ပတ်မှု၊ အရည်ထိန်းညှိမှု၊ အာရုံကြောဆက်သွယ်မှု၊ ဆဲလ်တွေရဲ့ တည်တံ့ ခိုင်မြဲမှု၊ ကြွက်သားကျုံ့ခြင်းနဲ့ စွမ်းအင်ထုတ်လုပ်ခြင်းတွေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သတ္တုဓာတ်တွေကို မရှိမဖြစ်လိုအပ်ပါတယ်။ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ အရိုးတွေ ဖွံံ့ဖြိုးကြီးထွားဖို့အတွက် အထူးအရေးကြီးပါတယ်။

ကယ်လ်စီယမ်ဟာ နွားနို့၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ ပဲပိစပ်၊ ပုစွန်ခြောက်၊ ကဏန်း၊ ပုစွန်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ အများအပြားပါဝင်ပါတယ်။ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ပမာဏက ၈၀၀-၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။

ပင်လယ်စာ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ဆန်လုံးညိုတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်ကတော့ အပင်နဲ့ တိရစ္ဆာန်ထွက် အစားအစာတွေ အထူးသဖြင့် ပဲသီး၊ အခွံမာသီး၊ ထောပတ်သီး၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ ချောကလက်နဲ့ ကောက်နှံတွေမှာ ပါဝင်ပါတယ်။

အသားကတော့ သံဓာတ်ရရှိစေမယ့် အဓိကအစာပါ။ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံ တွေမှာ သံဓာတ်ပါဝင်ပေမယ့် ပမာဏနည်းပါးပါတယ်။
ကောက်နှံတွေ၊ ပင်လယ်စာနဲ့ အသားတွေကနေ ဆီလီနီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။

အထက်ဖော်ပြပါ အာဟာရဓာတ်တွေကို စားသင့်တဲ့ ပမာဏ အကြံပြုချက်တွေက ယေဘုယျသဘောဖော်ပြချက်တွေသာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ မတူကွဲပြားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏက အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။Health

ကိုယ်ရဲ့ အသက်၊ ကျား/မ ကွဲပြားမှု၊ ကျန်းမာရေး အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရဓာတ်ပမာဏကို အတိအကျ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရ ပညာရှင်နဲ့ တိုင်ပင်တွက်ချက်ဖို့ လိုအပ်ပါတယ်။


No comments: