Friday, December 28, 2012

ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ

ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
မျက်စိကျန်းမာရေးကို ကောင်းစေပါတယ် ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ် တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ပါ။

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်
ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သားကင်ဆာ ဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်
ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့ အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။

ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်
ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်မှုကို အားကောင်းစေပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန် များနေသူတွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနား ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။


No comments: