Friday, December 28, 2012

ခြေဖဝါးရိုက်ပုတ်ခြင်းဖြင့် ကျန်းမာ သက်ရှည်နည်း

အများအားဖြင့် လူတို့သည် မိမိတို့၏ ခြေနှစ်ဖက်အားအရေးထားလေ့မရှိဘဲလျစ်လျူရှုထားတတ်ကြပါသည်။
ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရှိသော ဦးနှောက်၊ နှလုံး၊ အဆုတ် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုသာ အလေးထားတတ်ပါသည်။
ထိုကိုယ်အင်္ဂါ အစိတ်အပိုင်းများကသာ လူတို့၏ ကျန်းမာရေး၊ အသက်ရှင်ရေးနှင့် တိုက်ရိုက်ဆက်နွယ် ပတ်သက်ကြသည်ဟု ယူဆကြပါသည်။အမှန်မှာ ထိုသို့ မဟုတ်ပါ။ ခန္ဓာကိုယ် အောက်ပိုင်းတွင်ရှိသော ခြေနှစ်ချောင်းသည်လည်း လူတို့၏ ကျန်းမာရေး၊ အသက်ရှင်ရေးနှင့် အလွန်ပင် နီးကပ်စွာ ဆက်နွယ်နေပါသည်။

ခြေနှစ်ဖက်ကို လူတို့သည် လမ်းလျှောက်ရာ၌၎င်း၊ ရပ်တည်ရာ၌၎င်း၊ ပြေးခုန်ရာ၌၎င်း အသုံးပြုကြသော်လည်း ခြေနှစ်ဖက်ကို တယုတယ ထိန်းထိန်းသိမ်းသိမ်း ပြုစုပျိုးထောင်ပေးသူ အလွန်ရှားပါသည်။
တရုတ်ရှေးဟောင်း ဆေးပညာအလိုအရ လူတို့၏ တစ်ကိုယ်လုံးတွင် မျက်စိဖြင့် မမြင်နိုင်သော “ကျင်းလို့” ဟုခေါ်သည့် အကြောကလေးများ ပျံ့နှံ့နေပါသည်။
ထိုအကြောကလေးများသည် လူတို့ အသက်ရှင်နေထိုင်နိုင်အောင် စားသောက်သော အစားအစာ, ရှူသွင်းလိုက်သော လေတို့မှ အာဟာရဓာတ်များကို “ချီ” ဓာတ်အဖြစ်သို့ ပြောင်းလဲပေးပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့အောင် ပို့ဆောင်ပေးပါသည်။
ထိုအကြောကလေးများ အတွင်း၌ အကြောင်းတစ်စုံတစ်ရာကြောင့် ဟန့်တားနှောင့်ယှက်မှု တစ်ခုခု ကြုံတွေ့ရလျှင် “ခီ”ဓာတ် စီးဆင်းမှုလည်း ရပ်တန့်သွားတတ်ပါသည်။
ထိုအခါ သက်ဆိုင်ရာ နေရာများတွင် “ချီ”ဓာတ်များ ရေအိုင်များကဲ့သို့ အိုင်ထွန်းလာပြီး ရှေ့ဆက်မစီးဆင်းတော့ပေ။
ထိုနေရာတွင်ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများသည်လည်း နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ အလုံးအကျိတ်များ ဖြစ်ပေါ်လာခြင်း စသည်များ ခံစားလာရတတ်ပါသည်။
ထိုအင်္ဂါအစိတ်အပိုင်း၏ လုပ်ဆောင်ချက်သည်လည်း မှန်ကန်မှု မရှိတော့ပေ။ ထိုအခါ လူတို့သည် ရောဂါဘယ အမျိုးမျိုး ရရှိခံစားလာရပါတော့သည်။
ထို့ကြောင့် “ခီ”ဓာတ်များ စီးဆင်းမှု မှန်ကန်စေရန် “ကျင်းလို့” အကြောများကို ဖွင့်ပေးရပါသည်။ ဟန့်တား နှောင့်ယှက်မှု မှန်သမျှကို ဖယ်ရှားပေးရပါသည်။
ထိုအခါ “ချီ”ဓာတ်သည် တစ်ကိုယ်လုံးသို့ ကောင်းမွန်စွာ စီးဆင်းခွင့်ရသောကြောင့် လူတို့သည် ရောဂါပျောက်ကင်းပြီး ကျန်းမာလာပါတော့သည်။
လူတို့သည် အသက်အရွယ် ကြီးရင့်လာသောအခါ ကျန်းမာရေး တဖြည်းဖြည်း ကျဆင်းလာတတ်ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်တွင်းရှိ “ချီ”ဓာတ်များ လျော့နည်းလာ၍ ဖြစ်ကြောင်း “ချီ”ဓာတ်များ လျော့နည်း လာရခြင်းသည် လူတို့၏ မျိုးပွားအင်္ဂါစွမ်းအင် (သို့) လိင်စွမ်းအင်နှင့် အစာခြေစွမ်းအင် နှစ်ရပ် ကျဆင်း၍ ဖြစ်ရကြောင်း ရှေးဟောင်း တရုတ်ဆေးပညာက ဆိုပါသည်။
ခြေဖဝါးအလည်တွင်ရှိသော “ယုံချွမ်”သွေးပေါက် ပုံ(၁)သည် တစ်ကိုယ်လုံးသို့ မျိုးပွားအင်္ဂါစွမ်းအင် (သို့) လိင်စွမ်းအင် “ချီ”ဓာတ်များ စတင်ထုတ်လွှတ် စီးဆင်းရာ ဗဟိုချက်မတစ်ခု ဖြစ်ပါသည်။
ထိုနေရာသည် တစ်ကိုယ်လုံးတွင်ရှိသော “ချီ”ဓာတ် စီးဆင်းရာ “ကျင်းလို့”များ စုဝေးရာ နေရာ တစ်ခုလည်းဖြစ်သောကြောင့် လူတို့အတွက် လွန်စွာမှ အရေးကြီးပါသည်။
“ယုံချွမ်”သွေးပေါက်အား နှိုးဆွပေးခြင်း၊ နှိပ်နယ်ပေးခြင်းသည် လူတို့ ကျန်းမာသက်ရှည်ရေးအတွက် လွန်စွာမှ အထောက်အကူပြုကြောင်း ရှေးဟောင်း တရုတ်ဆေးကျမ်းများက လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာ ကတည်းက မှတ်တမ်းတင်ထားခဲ့ပါသည်။
ယခုတင်ပြလိုသော “ခြေဖဝါးရိုက်ပုတ်ခြင်းဖြင့် ကျန်းမာသက်ရှည်နည်း”သည် တရုတ်ရှေးဟောင်း “ကျင်းလို့” ပညာကို အခြေခံထားပြီး လူတိုင်း အချိန်တိုအတွင်း လွယ်ကူစွာ သင်ယူတတ်မြောက်နိုင်ပါသည်။
ထို့ပြင် လွယ်ကူသော်လည်း ကျန်းမာရေးအတွက် ထိရောက်သော အကျိုးကို ပေးမည်ဖြစ်ပါသည်။
ရှေးဦးစွာ ထိုင်ခုံတစ်လုံးတွင် တည့်မတ်စွာ ထိုင်ပါ။ မိမိ၏ ပေါင်သည် ကြမ်းပြင်နှင့် တပြေးညီ ဖြစ်စေရန် ထိုင်ခုံ မနိမ့်မမြင့် ဖြစ်စေရပါမည်။ ထို့နောက် မျက်စိနှစ်ဖက်ကို မှိတ်ပြီး (၁၅)မိနစ်ခန့် ငြိမ်သက်စွာ နေရပါမည်။ ပြီးလျှင် မျက်စိပြန်ဖွင့်ပြီး ညာခြေကို ဘယ်ဒူးပေါ် ကန့်လန့်တင်လိုက်ပါ။ ညာလက်ဖြင့် မိမိ၏ ညာခြေ
ခြေချင်းဝတ်နားတွင် ထိန်းကိုင်ထားပါ။
ထို့နောက် ဘယ်လက်ဖဝါးကို အသုံးပြုပြီး ညာခြေဖဝါးရှိ “ယုံချွမ်”သွေးပေါက်အား ရိုက်လိုက်ပါ။ ရိုက်သည့်အခါ အားအနည်းငယ် စိုက်ထုတ်ရပါမည်။
(မှတ်ချက် “ယုံချွမ်” သွေးပေါက်သည် ခြေဖဝါးအလယ် တည့်တည့်တွင် တည်ရှိခြင်းမဟုတ်၊ အလယ်ဗဟိုမှ ခြေဖျားဘက်သို့ (၁)လက်မခန့် အကွာအဝေးနေရာတွင် တည်ရှိပါသည်။
ဤသို့ သတ်မှတ် အရေအတွက်ပြည့်မီအောင် ရိုက်ပြီးပါက ဘယ်ခြေဖဝါးကို ညာလက်ဖြင့် ပြောင်း၍ အထက်ပါနည်းအတိုင်း ရိုက်နှက်ပေးရပါမည်။
ဂရုပြုရမည့်အချက်မှာ ပထမနေ့တွင် ခြေဖဝါးတစ်ဖက်လျှင် အချက်(၁၀၀)စီ၊ ဒုတိယနေ့တွင် အချက်(၂၀၀)စီနှင့် တတိယနေ့တွင် အချက်(၃၀၀)စီအထိ ရိုက်နှက်ရပါမည်။
ကျန်းမာရေး ပိုမိုကောင်းမွန်လိုသူများ မိမိအခြေအနေကို ချင့်ချိန်ပြီး တဖြည်းဖြည်း တစ်ဖက်လျှင် (၉၀၀) ချက်စီထိ တိုး၍ ရိုက်နှက်နိုင်ပါသည်။
မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ခွဲ၍လည်း ရိုက်နှက်နိုင်ပါသည်။
ရိုက်နှက်ခြင်းပြီးလျှင် ခြေဖဝါးကို ပြန်ချပြီး မျက်စိမှိတ်ကာ (၁၅)မိနစ်ခန့် ငြိမ်သက်စွာ ထိုင်နေရပါမည်။ ထိုစဉ် တစ်ကိုယ်လုံးရှိ အကြောအခြင်များကို လျှော့ထားရပါမည်။ ပြီးမှ ကျင့်စဉ်ကို အဆုံးသတ်ကာ နေရာမှ ထနိုင်ပါသည်။
သက်သာပျောက်ကင်းနိုင်သော ရောဂါများ---
ဤ“ခြေဖဝါးရိုက်နည်း” ကျင့်စဉ်သည် တစ်ကိုယ်လုံးရှိ “ကျင်းလို့” အကြောများကို ပွင့်သွားအောင် လုပ်ဆောင်ပေးနိုင်သောကြောင့် ခန္ဓာကိုယ်တွင်း “ချီ”ဓာတ်များ စီးဆင်းမှု မမှန်ခြင်းကြောင့် ဖြစ်ပွားခံစား ရသော ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။
ခန္ဓာကိုယ် ခုခံအားကို တိုးပွားစေပြီး စားဝင် အိပ်ပျော်စေပါသည်။ စိတ်ကို ရွှင်လန်းတက်ကြွစေပါသည်။
ခေါင်းမူး ခေါင်းကိုက်ခြင်း၊ နားအူ လေထွက်ခြင်း၊ အိပ်မပျော်ခြင်း၊ မှတ်ဉာဏ်လျော့နည်းလာခြင်း၊ နှလုံး၊
သွေးတိုးနှင့် ဆီးချိုရောဂါဖြစ်ခြင်း၊ သွေးဖိအားနှင့် သွေးတွင်း အချိုဓာတ် ကျဆင်းခြင်း၊ အသည်းနှင့် သည်းခြေရောဂါ၊ ကျောက်ကပ်ရောင်ခြင်း၊ သွေးအားနည်းရောဂါ၊ အဆုတ်ရောဂါ၊ အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်း၊ လေဖြတ်ပြီး ခြေလက်အကြောသေခြင်း၊ ရာသီသွေး မမှန်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ ကာမဆန္ဒ အားနည်းခြင်း စသည့် ရောဂါများ သက်သာပျောက်ကင်းနိုင်ပါသည်။
နေ့စဉ် အနည်းဆုံး (၁)ကြိမ် ဝီရိယရှိစွာဖြင့် မပျက်မကွက် ရိုက်နှက်ပေးရပါမည်။ ညဘက် ရိုက်ပြီးလျှင်
ခြေဖဝါးနှစ်ဖက်ကို ရေနွေးခပ်ပူပူတွင် (၁၅)မိနစ်ခန့် စိမ်ပြီးနောက် အဝတ်ဖြင့် ခြောက်အောင်သုတ်ပါ။ ပြီးလျှင် အိပ်ရာသို့ တန်းဝင်ပါက ချက်ချင်း အိပ်ပျော်ပါမည်။
ဤသို့ ရေနွေးဖြင့် ခြေဖဝါးကို စိမ်ပေးခြင်းသည် ကျင့်စဉ်ကို ပိုမို အကျိုးထိရောက်စေမည်ဖြစ်ကြောင်း စေတနာကောင်းဖြင့် ရေးသား တင်ပြအပ်ပါသည်။

No comments: