Friday, December 28, 2012

အသံတိတ် ကျောက်ကပ်ပြဿနာ စစ်ဆေးပါ

ထိုင်ဝမ်၊ ကာအိုဟီစယမ်မှ အသက် ၂၅-နှစ်အရွယ် အရောင်းစာရေးမလေး လင်လီချန်သည်
တောင်တက်အဖွဲ့ဝင် တယောက် ဖြစ်သလို အားကစားနှင့် ပြင်ပလှုပ်ရှားမှုများ၌ စိတ်ဝင်တစားရှိသောကြောင့် လွန်စွာကျန်းမာ သန်စွမ်းသော အမျိုးသမီးလေးဖြစ်ပေသည်။
သို့ရှိရာမှ တနေ့သ၌ ခေါင်းများကိုက်ခဲပြီး ချောင်းဆိုးလာ၍ သူမ၏မိသားစု ဆရာဝန်ထံ ပြသလေသည်။ ဆရာဝန်က “တုပ်ကွေး”ရောဂါဟု အမည်တပ်ကာ ကုသပေးသော်လည်း သက်သာမလာသည့်အပြင် အားအင်များပါ နည်းပါးကာ မောပန်းသကဲ့သို့ ခံစားလာရသည်။ ထိုအခါ တိုင်းရင်းဆေးဖက်ဝင် သစ်ခေါက်၊ သစ်မြစ်များ၊ ကျွမ်းကျင်သော ဆေးဆရာများနှင့် ကုသခဲ့သေးသည်။ သို့သော် နွမ်းနယ်ခြင်းကား မသက်သာ။

သို့ဖြင့် ဒုတိယအကြိမ် သူမ၏မိသားစု ဆရာဝန်ထံ ထပ်မံတိုင်ပင် အကုသခံရာ ဆရာဝန်က စမ်းသပ်စစ်ဆေးပြီးနောက် ကျောက်ကပ်အထူးကုသမားတော်ထံ ထပ်မံလွှဲအပ်ပေးခဲ့၏။
ထိုအခါ ကျောက်ကပ်အထူးကုဆရာဝန်က လိုအပ်သော စစ်ဆေးခြင်းများ ပြုလုပ်ရာမှ သူမ၏ဆီးအတွင်း၌ အသားဓာတ် (Checking The Protein in Urine) စစ်ဆေးချက်အရ ရောဂါကို ရှာဖွေတွေ့ရှိခဲ့လေသည်။

“ခင်ဗျားရဲ့ ကျောက်ကပ်တွေဟာ ရာခိုင်နှုန်း ၂၀-ပဲ ပုံမှန်ကောင်းမွန်ပြီး ကျန် ၈၀-ရာခိုင်နှုန်းက အလုပ်မလုပ်တော့ဘူး”ဟု အထူးကုသမားတော်ကြီးက လင်လီချန်ကို ပြောလာချိန်တွင်မူ “လင်”တယောက် လွန်စွာ ထိတ်လန့်ချောက်ချားသွားရပေသည်။
“ဟင် ဒါပေမယ့် ကျွန်မဘာမှ မနာပါလား”
“ကျောက်ကပ်ရောဂါအတော်များများဟာ နောက်ဆုံးအဆင့်ရောက်သည့်တိုင်အောင် လက္ခဏာတစုံတရာ မပြကြတာများတယ်...ဘာနာကျင်ခြင်းမှ မရှိတတ်ကြဘူး”
သမားတော်၏ ရှင်းပြချက်များအပြီးမှာ လင်တယောက် မယုံကြည်နိုင်စွာဖြင့် ရှိခဲ့သည်။ သို့သော် ခြောက်လခန့်အကြာ၌ ရောဂါလက္ခဏာများပြကာ ကျောက်ကပ်ဆေးစက်ဖြင့် ကုသခြင်း (Renal Dialysis) ခံယူခဲ့ရလေသည်။ လေးလခန့်အတွင်း တပတ်လျှင် သုံးကြိမ်၊ တကြိမ်လျှင် လေးနာရီကြာ ကုသခံခဲ့ရ၏။

၁၉၉၀-ပြည့်နှစ် ဇူလိုင်လ (ရောဂါသိရှိပြီးချိန်မှ ၁၀-လအကြာ)တွင် လင်တယောက် ကျောက်ကပ်အစားထိုး ကုသခြင်း ခံခဲ့ရလေသည်။ ထိုခွဲစိတ်မှုပြီးသည်မှ ယနေ့အထိ လင်သည် ကျန်းမာစွာ ရှိနေလေပြီ။
အသံတိတ် ကြောက်မက်ဖွယ် ကျောက်ကပ်ရောဂါကို စောစီးစွာ စစ်ဆေးသိရှိနိုင်းခြင်းက သူ့အား ဘဝသစ်ရှင်သန်ခွင့် ပေးခဲ့လေသည်။

အလားတူစွာ တိုင်ပေကွန်ပျူတာ ကုမ္ပဏီတခုမှ ချောင်ဝမ်ချိုင်ဆိုသူသည်လည်း ၁၉၉၇-ခုနှစ်တွင် စီးပွားရေး ကိစ္စတခုဖြင့် တရုတ်ပြည်ရောက်ခိုက် ကျန်းမာရေးစစ်ဆေးချက်များ ပြုလုပ်ရာမှ ဆရာဝန်က
သွေးတိုးကြောင်း ပြောကြားခဲ့သည်။ သို့သော် သူသိပ်သတိမထားခဲ့ပေ။ နောက်ခြောက်လအကြာ၌ သူ့ခြေထောက်များ ရောင်ရမ်းနာကျင်လာလေသည်။ တိုင်ပေမှ ဆရာဝန်က သူ့တွင် Chronic Renal Failure နာတာရှည်ကျောက်ကပ် ချို့ယွင်းခြင်း ရောဂါရှိနေကြောင်း ပြောလေသည်။

“ကျွန်တော် မယုံနိုင်လောက်အောင် အံ့သြသွားခဲ့ရတယ်...ကျွန်တော့်မှာ ကျောက်ကပ်လုပ်ဆောင်ချက် ချို့ယွင်းသွားကြောင်း လက်ခံဖို့ အတော်ခဲယဉ်းခဲ့ပါတယ်”
သို့ရာတွင် ဆေးဝါးဓာတ်စာများဖြင့် ကုသအပြီးမှာ ချောင်တယောက် သက်သာလာခဲ့သည်။ ယခုတိုင် ကျောက်ကပ်စစ်ဆေးချက်များဖြင့် အကုသခံနေဆဲ ဖြစ်သည်။ သူ့မှာဝေဒနာ အကြီးအကျယ် မပြခင်ကတည်းက ကျောက်ကပ်တွင် ထိခိုက်ပြီးသားဖြစ်ခဲ့သည် ဆိုခြင်းကို ယခု သူလက်ခံပေပြီ။

နောက်တဖန် ဟောင်ကောင်မှ ဗင်းဆင့်ဟန် ဆိုသူလေးမှာကား လေးနှစ်သားအရွယ်ကပင် မိဘများ၏ ကျန်းမာရေး စစ်ဆေးပေးချက်အရ ကျောက်ကပ်ချို့ယွင်းကြောင်း သိရှိနိုင်ခဲ့လေသည်။ အနောက်တိုင်း သမားတော်များနှင့် တရုတ်သမားတော်များ၏ ကုသပုံမတူညီမှုကြောင့် ၁၄-နှစ်သား အရွယ်မှ ကျောက်ကပ်အစားထိုး ခံခြင်းဖြင့် အကုသခံခဲ့ရလေသည်။

ဤဖြစ်ရပ်များအရ ကျောက်ကပ်ရောဂါ၏ အသံတိတ်ဒုက္ခပေးပုံ (Silent Menace)ကို သိရှိနိုင်လေသည်။ သာမန်လူတိုင်းတွင် အသံတိတ်ဖြစ်နေနိုင်သော ကျောက်ကပ်ပြဿနာသည် အောက်ပါလူများအတွက် ပိုမို၍ လက်သီးပုန်းထိုးနှက်နိုင်ပေသည်။
၁။ ဆီးချိုရောဂါရှင်များ
၂။ သွေးတိုးရောဂါရှိသူများ
၃။ မိသားစုမျိုးရိုးတွင် ကျောက်ကပ်၊ နှလုံးရောဂါရှိသူများ
၄။ အဝလွန်သူများ (အထူးသဖြင့် ခန္ဓာကိုယ်အလယ်ပိုင်း ဝလွန်းသောသူများ)
၅။ အကိုက်အခဲ ပျောက်ဆေးကို ကြာရှည်စွာ စားသုံးသူများ။
ထို့ကြောင့် ကျောက်ကပ်စစ်ဆေးချက် မှန်စွာခံယူဖို့ အလွန်အရေးကြီးပေသည်။

မည်သည့်ရောဂါမဆို စဖြစ်ကာစတွင် စောစီးစွာအချိန်မီ သိရှိနိုင်ပါမှ အချိန်မီ ကုသခြင်း ခံယူနိုင်ပေမည်။
သို့အတွက် အသံတိတ်နှိပ်စက်တတ်သော ကျောက်ကပ်ပြဿနာများကို စောစီးစွာကြိုတင်သိရှိနိုင်ရန်
ကျောက်ကပ်၏ ပုံမှန်လုပ်ဆောင်ချက်များနှင့် စစ်ဆေးတွေ့ရှိနိုင်ပုံများကို သိထားရန် အရေးကြီးပေသည်။
ကျောက်ကပ်ဆိုတာ ဘာလဲ---
ကျောက်ကပ်ဆိုသည်မှာ အရိုးဆုံးပြောရလျှင် ခန္ဓာကိုယ်တွင်းမှ မလိုလားအပ်သည့် အဆိပ်အတောက်များကို
ပြင်ပသို့ ဆီးမှတဆင့် စွန့်ထုတ်ပေးပြီး လိုအပ်အသုံးဝင်သော ဓာတ်ပစ္စည်းများကို ပြင်ပသို့ထွက်မသွားစေရန် စစ်ယူပေးထားသော ဆန်ခါတမျိုးဟုသာ အကြမ်းဖျင်း ဆိုနိုင်ပါသည်။

၎င်းသည် လူ့ခန္ဓာကိုယ်တွင် ဝမ်းဗိုက်၌ ကျောနောက်ကပ်လျက် တဖက်တချက်တည်ရှိသော လက်သီးဆုပ် အရွယ် ပဲစေ့ပုံအင်္ဂါလေးနှစ်ခုဖြစ်ပါသည်။
ကျောက်ကပ်သည် လီတာ ၂၀၀-မျှရှိသော သွေးများကို နေ့စဉ် ၎င်းအတွင်း၌ စီးဝင်ဖြတ်သန်းစေပြီး စစ်ထုတ်ပေး၏။ ထိုသွေးများအနက် နှစ်လီတာခန့်မှာ အညစ်အကြေး ဆီးအဖြစ် စွန့်ထုတ်ရန် ဆီးအိမ်သို့
ရောက်သွားလေ့ရှိ၏။
ကျောက်ကပ်က ဘာလုပ်ပေးသလဲ---
အညစ်အကြေးစစ်ထုတ်သော လုပ်ငန်းသည် ကျောက်ကပ်၏အရေးအကြီးဆုံးသော လုပ်ငန်းဖြစ်သည့် အလျောက် ကျောက်ကပ်ရောဂါ အတော်များများမှာလည်း ထိုစစ်ပေးသောစနစ်ကြီး ပျက်ယွင်းသွားသောကြောင့် ဖြစ်ကြရပေသည်။

ကျောက်ကပ်ထိခိုက်ပါက ဆီးများကို ပုံမှန်ဆက်လက်ထုတ်ပေးသွားနိုင်သော်လည်း ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များ၊ ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဓာတ်များ စွန့်ထုတ်မှုမှာမူ နည်းပါးသွားပေသည်။ ထိုစွန့်ထုတ်မှုနည်းသွားသော ပစ္စည်းများမှာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်ကျန်ခဲ့ကာ လူကိုဒုက္ခပေးတော့သည်။
ကျောက်ကပ်ပျက်တာ ဘယ်လိုသိနိုင်မလဲ---
ကျောက်ကပ်များ တစုံတရာ ပျက်စီးနေခြင်းကို ညွှန်ပြသည့်အချက်တချက်မှာ “ဆီးအတွင်း အသားဓာတ်များ (Protein) အလွန်အကျွဲပါနေမှု”ပင် ဖြစ်သည်။
ဆီးအတွင်း အသားဓာတ်များပြားနေခြင်းသည် ခန္ဓာကိုယ်အတွက် ကျောက်ကပ်လုပ်ငန်း ချို့ယွင်းသွားမှုကို စောစီးစွာနှင့် ထင်ရှားစွာဖော်ပြနိုင်သော အခြေခံအချက်တချက် ဖြစ်ပေသည်။
အဘယ်ကြောင့်နည်း---
ပုံမှန်ကျန်းမာသော ကျောက်ကပ်၏တာဝန်မှာ ပရိုတင်း (Protein) ခေါ် အသားဓာတ်များကို ခန္ဓာကိုယ်အတွက် သိမ်းဆည်းစစ်ယူထားရန်ဖြစ်ပြီး မလိုလားအပ်သော အညစ်အကြေးများကို စစ်ထုတ်ပေးရန်ဖြစ်သည်။
ထို့ကြောင့် ကျောက်ကပ်အလုပ် ချို့ယွင်းစပြုချိန်မှာ (Protein) များကို ပြည့်ဝစွာ သိမ်းဆည်းစစ်ယူမပေးနိုင်ပဲ ဆီးတွင်း၌ (Protein) များ ပါဝင်သွားနိုင်ပေသည်။ ထိုမျှမက ကျောက်ကပ်သည် ခန္ဓာကိုယ်၏ အရေးကြီး သက်စောင့်လုပ်ငန်းအဝဝကိုပါ လုပ်ဆောင်ရသဖြင့် ကျောက်ကပ်ပျက်စီးထိခိုက်ပါက တကိုယ်လုံး၏ လုပ်ငန်းဆောင်တာများပါ ယိုယွင်းစပြုလာနိုင်သည်။

ဥပမာအားဖြင့်-သွေးကြောများ ကျဉ်းမြောင်းလာသဖြင့် သွေးတိုးရှိလာခြင်းမှအစ အခြားသော ဦးနှောက်ကြွက်သားများပါ ထိခိုက်လာကာ သွေးတိတ်နိုင်စွမ်းရည်ပါ ကျလာလေ့ရှိပါသည်။ ထို့ပြင် ပြင်းထန်သော သွေးနီဥ နည်းပါးသောရောဂါ (Severe Anaemia) လည်း အတွေ့ရများပေသည်။
မလေးရှားနိုင်ငံ (Metro Specialist Hospital) မက်ထရို အထူးကုဆေးရုံမှ အတိုင်ပင်ခံသမားတော်ကြီး
ဒေါက်တာ ကောဘီလင်း (Dr. Khaw Bee Ling) က ကျောက်ကပ်ထိခိုက်ချို့ယွင်းခြင်းကြောင့် အရိုးများချည့်နဲ့အားပျော့လာခြင်း ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။

အရိုးများ ခိုင်မာတောင့်တင်းမှုအတွက် (Calcium) မှာ မရှိမဖြစ် လိုအပ်ပေသည်။ Calcium များ သွေးအတွင်း လုံလောက်စွာ ရှိနေရန်အတွက် ဖော့စဖရပ် (Phosphorus) များကို လိုအပ်သည်ထက် ပိုမလာအောင် စစ်ထုတ်ရန်မှာ ကျောက်ကပ်၏ အရေးအကြီးဆုံးတာဝန်ဖြစ်၏။ ကျောက်ကပ်၏ အညစ်အကြေးစွန့်ထုတ် လုပ်ငန်းစဉ် ချို့ယွင်းခြင်းကြောင့် ဖော့စဖရပ်များ သွေးတွင်းမြင့်မားလာခြင်းဖြင့် (Calcium)များ နည်းပါးသွားရာ ထိုမှတဆင့် အရိုးများ သန်စွမ်းစေမည့် (Calcium) နည်းပါးသွားနိုင်ပေသည်။

လူတဦးစီအတွက် ကျောက်ကပ်တခုဆိုလျှင် လုံလောက်သော်လည်း သဘာဝပေး အခြေအနေအရ
ကျောက်ကပ်နှစ်ခုရှိခြင်းအားဖြင့် တခုစီ၏ အစိတ်အပိုင်း အနည်းငယ်ပျက်ယွင်းသော်ငြား ကျန်အစိတ်အပိုင်းများက လုပ်ငန်းများကို ပုံမှန်ဖြစ်စေနိုင်ပေသည်။
မနီလာမြို့ အမျိုးသား ကျောက်ကပ်နှင့် ကျောက်ကပ်အစားထိုးခြင်းဆိုင်ရာ တက္ကသိုလ်မှ
ကျောက်ကပ်အထူးကု ဒေါက်တာ အန်တိုနီယိုပရာအစ်ဆိုက...
“ဒီနေ့ ကျွန်တော် လူနာ နှစ်ယောက်တွေ့ခဲ့ရတယ်၊ အဲဒီ နှစ်ယောက်စလုံးဟာ ဒီနေ့မှာပဲ ကျောက်ကပ်ဆေးစက်နဲ့ ဆေးဖို့ (Renal Dialysis) အရေးတကြီးလိုအပ်နေချိန် ရောက်နေလောက်အောင် သူတို့ရဲ့ ကျောက်ကပ်တွေဟာ အတော်ဆိုးဝါးစွာ ပျက်စီးနေကြပြီ။ အဲဒီလောက် ပျက်စီးနေတဲ့ ကျောက်ကပ်တွေ ဖြစ်နေပေမယ့် ကာယကံရှင်တွေဟာ ကျောက်ကပ်ဆိုင်ရာ ဘာလက္ခဏာမှ မခံစားကြရတာ တွေ့ရတယ်...”

ဤစာကိုကြည့်၍ ကျောက်ကပ်ပျက်စီးခြင်းသည် လူတို့၏ ကိုယ်ထဲ၌ အသံမပေးဘဲ အဆိပ်ဗုံးတလုံးလို တိတ်တဆိတ် ခိုဝင် ဒုက္ခပေးနိုင်သည်ဖြစ်၍ ကြောက်စရာကောင်းကြောင်း သိနိုင်ပေသည်။
ဟောင်ကောင်မှ ဒေါက်တာ လိုဝေကီက “အာရှတိုက်သား သန်းပေါင်းများစွာဟာ ဆီးထဲမှာ အသားဓာတ်လွန်ကဲစွာ ပါဝင်နေခြင်းတွေ့ရကြောင်း၊ ဟောင်ကောင်လူထုရဲ့ လူပေါင်း ၄၂၀၀ နှင့် စင်ကာပူရှိ လူပေါင်း ၃၀၀၀-ခန့်ဟာ ယခုအချိန်မှာ ကျောက်ကပ်ဆေးခြင်း ကျောက်ကပ်အစားထိုးခြင်းများ နှင့် ကုသခြင်း ခံပြီး ကျောက်ကပ်၏ လက်သီးပုန်းထိုးနှက်ထားခြင်းဒဏ်မှ အသက်ကို ပြင်းထန်စွာ ကယ်နေရကြောင်း ” အတိအလင်း အသိပေးသွားလေသည်။

ထိုနည်းတူစွာ ထိုင်ဝမ် ကျောက်ကပ်အဖွဲ့အစည်းတခုဖြစ်သည့် Emily Tsuei of the National Kidney Foundation မှ ထိုင်ဝမ်လူထု ၂၇၀၀၀-နီးပါးသည် လွန်ခဲ့သည့်နှစ်က ကျောက်ကပ်ရောဂါအတွက်
ဆေးကုသခံခဲ့ကြပြီး ၁၉၉၈-ခုနှစ်တွင် ၁၃-ဆ ပိုများလာသည်ဟု ကြေညာထားသည်။
ကျောက်ကပ်ရောဂါအတော်များများသည် ပြန်လည်၍ အဖတ်ဆယ်မရအောင် ပျက်စီးသွားကြသော်လည်း စောစောသိပါက ပျက်စီးမှုနည်းပါးအောင် ကုသပေးနိုင်သည်။

ထို့ကြောင့် ယခုအခါ ရိုးရှင်းလွယ်ကူစွာ ကုန်ကျစရိတ် သက်သာစွာ အစောဆုံးသိရှိနိုင်မည့်နည်းလမ်းတခုကို စင်ကာပူနိုင်ငံ ဘိုင်အိုနက်ဓာတ်ခွဲဌာန (Bio Net Laboratories Asia Pacific of Singapore) မှ တင်သွင်းသော ရှည်မျောမျော အချောင်းလေးများ (at-Home Test Strip) ဖြင့် ကြိုတင်စမ်းသပ်နိုင်ပေပြီ။ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့် ယခုနောက်ပိုင်း ဟောကောင်တို့တွင်ပါ ရရှိစစ်ဆေးနိုင်ကြပြီ ဖြစ်၏။
စမ်းသပ်ပုံ---
ထိုအချောင်းပြားလေးများ သုံးစွဲပုံမှာလည်း ရိုးရှင်းလွယ်ကူသဖြင့် အိမ်၌ပင် မိမိဘာသာ စစ်ဆေးကြည့်နိုင်ပေသည်။ ဆီးကို ပိုးသတ်ထားသည့် သန့်ရှင်းသောခွက်တခွက်၌ ခံယူကာ ဓာတုဗေဒနည်းအရ စီမံထားသော ထိုအချောင်းပြားလေးကို ဆီးထဲနှစ်ထားကြည့်ရုံသာဖြစ်၏။ ထိုအခါ အချောင်းပြားလေး၏အရောင် ပြောင်းသွားပါက ထိုဆီးထဲ၌ အသားဓာတ် (Protein) လွန်ကဲစွာ ပါဝင်နေသည်ဟု သိနိုင်လေသည်။ သို့ဖြင့် ကျောက်ကပ်ပြဿနာကို စောစီးစွာသိပြီး လိုအပ်သမျှ ဆက်လုပ်နိုင်ပေပြီ။

အခြားခန္ဓာကိုယ်၏ အရေးတကြီး အခြေအနေများ၌လည်း ထိုအချောင်းပြားလေး အရောင်ပြောင်းနိုင်ပေသည်။ ဥပမာ-ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ထားခြင်း၊ အဖျားရှိခြင်းများ၌လည်း ထိုအချောင်းလေး အရောင် ပြောင်းတတ်ပေရာ ထိုအခါများ၌ သင်၏ဆရာဝန်နှင့်တိုင်ပင်ပြီး သီတင်းပတ် အနည်းငယ်အကြာ၌ ထပ်မံစမ်းသပ်နိုင်ပေသည်။ အချောင်းပြားလေး အရောင်ပြောင်းခြင်း ဆက်လက်ရှိနေပါက သင့်မှာ ကျောက်ကပ်တစုံတရာ ချို့ယွင်းနေကြောင်း စောစီးစွာသိနိုင်လေသည်။

ကျောက်ကပ်အထူးကုဆရာဝန်မှာက ထိုစစ်ဆေးချက်ကို နှစ်စဉ် လုပ်ဆောင်သွားရန် အကြံပြုထားကြသည်။
ထို့ကြောင့် လူတိုင်းအတွက် အချိန်မရွေး တိတ်တဆိတ် ဝင်ရောက်ထိုးနှက်နိုင်သော ကျောက်ကပ်ပြဿနာ များကို အထက်ပါရိုးရှင်းလွယ်ကူသော အချောင်းပြားလေးများ (Strips) သုံးကာ စစ်ဆေးခြင်းဖြင့် အသက်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ပေတော့မည်။
ဒေါက်တာနုနုဆွေ
Ref: Reader's Digest, 2000, July.



No comments: