Sunday, December 30, 2012

အသည်းကင်ဆာ အကြောင်း သိကောင်းစရာ

အသည်းကင်ဆာ အကြောင်း သိကောင်းစရာအသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။
Primary Liver Cancer (အစဦး အသည်းကင်ဆာ)
အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တဝိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင်ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲတွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်။

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။

(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါတယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့ ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့ တဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်။ အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့် တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး အသည်းကင်ဆာရသူ အများစုမှာ Secondary Liver Cancer ရသည့် ဦးရေက မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်။ ထို့အတူ Secondary Liver Cancer ကိုလည်း မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်။ ဥပမာ စအိုကင်ဆာက ပြန့်နှံံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင် Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်။ မူလဖြစ်တဲ့နေရာမှာ ကင်ဆာကို စတွေ့တဲ့အချိန်မှာ နောက်ဆက်တွဲ ပြန့်နှံ့လာလို့ ဖြစ်လာတဲ့ အသည်းကင်ဆာကိုပါ တခါတည်းတွေ့တာ ရှိသလို နောက်မှ ထပ်တွေ့တာလည်း ရှိနိုင်ပါတယ်။

အသည်းကင်ဆာရဲ့ လက္ခဏာများ
မူလ အသည်းကင်ဆာ၌ အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့ အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…
 
(၁) အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း
(၂) အသည်းတည်ရှိရာ နေရာဖြစ်တဲ့ နံရိုးတွေရဲ့ အောက်ဘက်ရှိ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ နာကျင်ခြင်း၊
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက်ပျက်ခြင်း
(၅) မျက်လုံးနဲ့ အသားရောင်များ ဝါလာခြင်း
(၆) ပျို့ချင်အန်ချင်ခြင်း
(၇) ဝမ်းဗိုက်ဖေါင်းပွလာခြင်း
(၈) အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အသည်းကင်ဆာကို အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါ ရှိကြောင်း စတင်စမ်းသပ်တွေ့ရှိသည်နှင့် ပြန့်နှံ့မှု ရှိမရှိဆိုတာကိုပါ တခါတည်း တွေ့ရှိရပါတယ်။ မူလစတင်ဖြစ်ပွားတဲ့ နေရာကနေ ပြန့်နှံ့မှု ရှိမရှိနှင့် ပြန့်နှံ့မှု ရှိသော်လည်း ဘယ်အတိုင်းအတာထိ ပြန့်နှံ့နေပြီဆိုတဲ့အပေါ် မူတည်ပြီး ရောဂါအဆင့်ကို သတ်မှတ်ပါတယ်။

အဆင့် (၁) ကင်ဆာရဲ့ အရွယ်အစား ၂ ဆင်တီမီတာထက် မပိုသေးခြင်းနှင့် စတင်ဖြစ်ပွားတဲ့နေရာကလွဲပြီး တခြားဘယ်မှ မပြန့်နှံ့သေးသည့်အဆင့်။

အဆင့် (၂) ကင်ဆာက အသည်းထဲရှိ သွေးကြောများအထိ ပြန့်နှံ့နေခြင်း (သို့) ကျူမာအရေအတွက် တခုထက်ပိုရှိနေခြင်း

အဆင့် (၃) A: ကင်ဆာ အရွယ်အစား ၅ ဆင်တီမီတာထက် ပိုကြီးနေခြင်း (သို့) အသည်းရဲ့ အနီးတဝိုက် သွေးကြောများအထိ ပြန့်နှံ့နေခြင်း

အဆင့် (၃) B: ကင်ဆာက အသည်းအနီးအနားရှိ တခြားအင်္ဂါအစိတ်အပိုင်း အထိ ပြန့်နှံ့နေခြင်း။ သို့သော်လည်း ပြန်ရည်ကြော အဖုထိ မရောက်သေးခြင်း။

အဆင့် (၃) C: ကင်ဆာက အနီးအနားတဝိုက် အင်္ဂါအစိတ်အပိုင်း တခုခု အပြင် ပြန်ရည်ကြောဖုအထိ ပြန့်နှံ့နေခြင်း

အဆင့် (၄) ကင်ဆာက အနီးအနားရှိ အင်္ဂါအစိတ်မပိုင်းများ၊ ပြန်ရည်ကြောဖုအတွင်းနှင့် အဝေးထိ တခြားအင်္ဂါအစိတ်အပိုင်းအထိ ပြန့်နှံ့နေခြင်း စသည်ဖြင့် ၆ ဆင့်ခွဲခြားထားပါတယ်။

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။ Secondary Cancer ကိုတော့ ပြန့်နှ့ံ့နေပြီ ဖြစ်တဲ့အတွက် ကုသမှုဖြင့် လုံး၀ အမြစ်မပြတ်နိုင်တော့သော်လည်း အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့် နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန် ကုသမှုကို ခံယူနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို စမ်းသပ်တွေ့ရှိရတဲ့ ဆရာဝန်က ကလေးနှင့်စိတ်ပုံမှန် မဟုတ်သော လူနာမဟုတ်ရင် လူနာရဲ့ ရောဂါနဲ့ အခြေအနေ (ကင်ဆာရောဂါ ရောက်ရှိနေသည့်အဆင့်) ကို ထိန်ချန် ဖုံးကွယ်ထားပိုင်ခွင့် မရှိပါ။ ကုသနိုင်သည့် လမ်းကြောင်း ဘယ်နှစ်ခုရှိပြီး လမ်းကြောင်းတခုစီရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို ဆရာဝန်က လူနာ နားလည်အောင် ရှင်းပြရပါတယ်။ ဆက်လက်ကုသမှုအတွက် ဆရာဝန်ရှင်းပြတဲ့ လမ်းကြောင်းတွေအထဲက မိမိအတွက် အကောင်းဆုံး ထင်တဲ့လမ်းကြောင်းကို လူနာက ရွေးချယ်ရပါတယ်။ မိမိရွေးချယ်တဲ့ ကုသမှု လမ်းကြောင်းရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို မိမိသိဖို့လိုပါတယ်။ အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့ ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်။ အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင် ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တလနှစ်လ ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။

မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအဝင် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။

ဆရာဝန်ကို မေးမြန်းသင့်သည့် မေးခွန်းများ
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက ဘာအမျိုးအစား အသည်းကင်ဆာလဲ။
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား။ အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ။
(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ။
(၄) ကုသနိုင်တဲ့ အခွင့်အလေမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ။
(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ။
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ။
(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်ပွားပြဿနာတွေက ဘာတွေလဲ။
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ။ အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ။
(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy) တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ။
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ။
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ။
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ။ ဆိုးကျိုးတွေက ဘာရှိလဲ။
(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ။
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား။
(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တခါ (How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တကြိမ် ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့ အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း တိုင်ပင်ဖို့ လိုအပ်ပြီီး ကုသမှုကို ခံယူသင့်ပါတယ်။
မငယ်

No comments: