ဆံပင်ဖြူလာခြင်းဆိုတာ လူကြီးတွေမှာ အရွယ်ကျလာခြင်းရဲ့ ပထမဆုံးမြင်သာတဲ့ လက္ခဏာဖြစ်ပါတယ်။
ဒါပေမယ့် ယနေ့ခေတ် လူငယ်တွေမှာ ဆံပင်ဖြူခြင်းဆိုတဲ့ ပြဿနာ ရင်ဆိုင်နေရတာ
တွေ့လာရပါတယ်။ ဒီကိစ္စဟာ သဘာဝထက်စောပြီး ခန္ဓာကိုယ်ရဲ့နုပျိုမှုကျဆင်းလာခြင်း တစ်မျိုးလို့ ဆိုနိုင်မလို့ တကယ်လဲစိုးရိမ်ထိုက်ပါတယ်။
ဘာကြောင့်ဆံပင်ဖြူရတာလဲ?
ဆံပင်မွေးအိတ်တွေရဲ့ အောက်ခြေမှာရှိတဲ့ မယ်လနင်(Melanin)လို့ခေါ်တဲ့ အမည်းရောင်ခြယ်
ထုတ်ပေးနေတဲ့ ဆဲလ်တွေရဲ့ စွမ်းဆောင်ရည် ကျဆင်းပြီး မယ်လနင် ထုတ်လုပ်မှု
ရပ်ဆိုင်းသွားရင်၊ လျော့နည်းသွားရင် ဆံပင်ဖြူလာပါတယ်။
ဒါဟာ အသက်ကြီးရင်တော့ သဘာဝအလျောက်ဖြစ်လာပါတယ်။ဒါပေမယ့် လူငယ်တွေမှာ
ဆံပင်ဖြူစေရတဲ့အကြောင်းရင်းကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့
စိတ်ပိုင်းဆိုင်ရာဖိစီးမှုတို့က အများဆုံးဖြစ်စေတဲ့အကြောင်းလို့ သိရပါတယ်။
အမြဲတမ်းပူပန်သောက ရောက်အတွေးများနေရခြင်းနဲ့ အာဟာရချို့တဲ့ခြင်းတို့ကလည်း အကြောင်းအရင်းတွေပါပဲ။ မျိုးရိုးလဲ လိုက်တတ်ပါတယ်။
အလှပြင်ဆိုင်တွေမှာ တစ်ခုခုလုပ်လို့ ရေနွေးနဲ့
ခေါင်းလျှော်ရခြင်း၊လျှပ်စစ်ဒရိုင်ယာကြာကြာသုံးခြင်းနဲ့
ဦးရေပြားသန့်ရှင်းမှုကို ဂရုမစိုက်ခြင်းတို့ကလည်း အကြောင်းရင်းတွေ
ဖြစ်ပါတယ်။ ပညာရှင်များ ပြုစုထားတဲ့ အကြောင်းရင်းများကတော့. . .
(၁) စိတ်ဖိစီးမှု၊
(၂) အလုပ်များ၍ ပင်ပန်းလွန်းခြင်း၊
(၃) နာမကျန်းဖြစ်ခြင်း(အချို့ရောဂါများသည် ဆံပင်ဖြူစေတတ်၏)၊
(၄) အာဟာရချို့တဲ့ခြင်း၊
(၅) နေရောင်နှင့်ထိတွေ့မှုများခြင်း၊
(၆) အပျော်တမ်းခဏခဏပေါင်းတင်ခြင်း၊ ဆံပင်အပေါ်ဆေးတစ်ခုခုသုံးရာတွင်
ကြိမ်ဖန်များလွန်းခြင်း၊ ကျွမ်းကျင်မှု မရှိသူနှင့်
လုပ်ခြင်း၊ဆေးကြောရာတွင်မစင်ခြင်း စတာတွေကြောင့်လူငယ်တွေမှာ ဆံပင်ဖြူရတယ်လို့ ဆိုပါတယ်။
ကာကွယ်ကုသရမယ့် နည်းလမ်းများ
ကာကွယ်ကုသရမယ့် နည်းလမ်းများကို ဆံကေသာအလှအပ ကျွမ်းကျင်ပညာရှင်များရဲ့ ပြောကြားချက်များအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
အဆင့်(၁)ဆေးလိပ်စွဲနေရင်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ
အိုမင်းခြင်းရဲ့လက္ခဏာတွေအရွယ်မတိုင်ခင်ပေါ်လာခြင်းကို ဖြစ်စေကြောင်း
တွေ့ရှိအတည်ပြုပြီးဖြစ်ပါတယ်။ ဆေးလိပ်သောက်ရင် ဆံပင်ကိုအာဟာရပြုပေးတဲ့
ဆံချည်မျှင်သွေးကြောလေးတွေ ပိတ်သွားတဲ့အတွက် အမည်းရောင်ခြယ်
ပစ္စည်းထုတ်တဲ့ဆဲလ်တွေ သေဆုံးလျော့နည်းကုန်ခြင်းကြောင့် ဆံပင် ဖြူလာရခြင်း
ဖြစ်ပါတယ်။
အဆင့်(၂)စိတ်လျှော့အနားယူပါ။
စိတ်ဖိစီးမှု အမျိုးအမျိုးဟာ ငယ်ငယ်နဲ့ ဆံပင်ဖြူခြင်းကို တကယ်ဖြစ်စေပါတယ်။ ဒီတော့
သင့်ရဲ့ စိတ်လှုပ်ရှားမှုတွေကို အေးဆေးတည်ငြိမ်အောင် ထားနိုင်မည့်နည်းလမ်း
(ဥပမာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားရှုမှတ်ခြင်း) စတာတွေကို
လုပ်ပေးပါ။ သောကကို ရင်ထဲမှာမွေးထားတတ်တဲ့ အကျင့်၊ လိုတာထက်ပိုပြီး
စိုးရိမ်တတ်တဲ့အကျင့်၊ အဆိုးကို ကြိုမျှော်လင့်တတ်တဲ့ အကျင့်
စတာတွေဖျောက်ပစ်ပါ။
အဆင့်(၃)အာဟာရပြည့်အောင်စားပါ။
အာဟာရပြည့်ခြင်း မပြည့်ခြင်းဆိုတာ ပိန်ခြင်းဝခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်ပါ။
လိုအပ်တဲ့ဗိုက်တာမင် သတ္တုဓာတ်များချို့တဲ့နေရင် မပိန်နေပေမယ့်
အာဟာရချို့တဲ့နေတယ်လို့ ဆိုနိုင်ပါတယ်။ အသားဓာတ်မလုံလောက်ခြင်း၊
သံ(Iron)၊သွပ်(Zinc)၊ကြေးနီ(Copper) စတဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေရင်
ဆံပင်ဖြူလွယ် ကျွတ်လွယ်ပြီး ဆံပင်အလုံးသေးကာ မသန်စေတော့ပါဘူး။ နောက်
ဗိုက်တာမင် ဘီအုပ်စု၊ ဗိုက်တာမင်စီနဲ့အီး တို့ချို့တဲ့တာကလဲ ဆံပင်ဖြူစေတဲ့
အကြောင်းရင်းများ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါတွေအတွက် ပုံမှန်စားသင့်တဲ့ အစားအစာတွေကတော့ အသည်းအမြစ်များ၊ အသားမျိုးစုံ၊ ပင်လယ်စာလတ်လတ်ဆတ်ဆတ်များ
(စည်သွပ်ဘူးများကျသိပ်မကောင်းလှပါ)၊ ဂျုံ၊ အခွံမာအသီးအဆံများ၊ အဝါရောင် အနီရောင် အစိမ်းရင့်ရောင်ရှိသော
အသီးအရွက်များ၊ ဥအမျိုးမျိုး၊ မြေပဲ၊ ပဲကြီး၊ ရွှေဖရုံသီးစေ့နဲ့
အစေ့အမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ကန်စွန်းဥ၊ နာနတ်သီး
စတာတွေဖြစ်ပါတယ်။ ပုံမှန်စားပေးရင် ဖြူပြီးသားတွေ ပြန်မနက်ပေမယ့်
နောက်ထွက်မယ့်ဆံပင်တွေ မဖြူနိုင်တော့ပါဘူး။
အဆင့်(၄)သံလွင်ဆီနဲ့ ကုသပါ။
သံလွင်ဆီ ရွှဲရွှဲလိမ်းပြီး ပေါင်းထားပါ။ တစ်နာရီခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။
ကြက်ဆူဆီ နွေးနွေး (ကိုယ်ဝန်သည်များ သောက်ရသော ကြက်ဆူဆီကို ဆိုလိုသည်)နဲ့
သံလွင်ဆီ ရောပြီး လိမ်းရင်လဲ ကောင်းတယ်လို့ ပညာရှင်များက ညွှန်ကြားပါတယ်။
ဒီလိုလိမ်းထားတုန်း မျက်နှာသုတ်ပုဝါနဲ့ ခေါင်းကိုပေါင်းထားရင် စုပ်ယူမှုကို
ပိုကောင်းစေပါတယ်။ တစ်ပတ်၂-ကြိမ်အနည်းဆုံး လုပ်ပေးသင့်ပါတယ်။
ဦးရေပြားအနှိပ်ခံခြင်းဟာလဲ သွေးလှည့်ပတ်မှုကောင်းစေလို့ ဆံပင်ဖြူခြင်းကို
ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
နောက်တစ်နည်းကတော့ ခေါင်းလျှော်ပြီးလို့ ရေနဲ့ဆေးချတဲ့အခါ ပျားရည် ၂စက် ၃စက်ထည့်ထားတဲ့ ရေတစ်ဖန်ခွက်နဲ့ခေါင်းလောင်းဆေးပေးပါ။
သင့်ဆံပင်တွေကို ကျန်းမာသန်စွမ်းတောက်ပြောင်စေပြီး ဆံပင်ဖြူလာခြင်းမှကာကွယ်နိုင်တဲ့
သဘာဝပေါင်းတင် ဆေးဖော်စပ်နည်းများကို ဖော်ပြပေးလိုက်ပါတယ်။ (ဒီနည်းတွေဟာ
ကမ္ဘာ့အလှကုန် ကျွမ်းကျင် သိပ္ပံပညာရှင်များရဲ့ နည်းလမ်းများ ဖြစ်ပါတယ်)
နည်း(၁)
ကြက်ဥတစ်လုံး၊ကြက်ဆူဆီစားပွဲဇွန်း၂ဇွန်း၊ရှာလကာရည်လက်ဖက်ရည်ဇွန်း၁ဇွန်း၊အလှဆီ(ဂရစ်စလင်း)
လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို အမြှုပ်ထလာအောင် ခေါက်ပြီးဦးရေပြားနဲ့ ဆံပင်တွေကို
သုတ်လိမ်းပေးပါ။တတ်နိုင်သမျှကြာကြာထားပြီး ပြန်ဆေးပစ်ပါ။
နည်း(၂)
ကြက်ဥတစ်လုံး၊ ပျားရည်လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း၂-ဇွန်းတို့ကို အထက်ပါအတိုင်း သုံးနိုင်ပါတယ်။
အဆင့်(၅)အထွေထွေဆောင်ရန်ရှောင်ရန်နည်းလမ်းများ
ရှေ့ကဖော်ပြခဲ့တဲ့ အစားအစာတွေကို တတ်နိုင်သမျှ မှန်မှန်လေးစားပေးပါ။ ဆံပင်အပေါ်
ဆေးတွေသုံးခြင်းကို တတ်နိုင်သမျှ အကြိမ်အနည်းဆုံး လုပ်ပါ။
ပလတ်စတစ်ဘီးတွေ မသုံးပါနဲ့။ သံ၊သစ်၊ဝါး စတာတွေနဲ့လုပ်ထားတဲ့ဘီးတွေက ဆံပင်အတွက်ပိုကောင်းပါတယ်။
ဦးရေပြားသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ခေါင်းမှန်မှန်လျှော်ပါ။ ရေဖန်ခွက်၁၀-ခွက်ကနေ ၁၂-ခွက်လောက်ကုန်အောင် နေ့စဉ်သောက်ပါ။
အိုမင်းရင့်ရော်စေတဲ့ အတွေးများကိုရှောင်ပါ။
တီဗီကိုရီမုနဲ့ပဲ ပိတ်ပါ။ ရှေ့သွားပြီး ခလုတ်ဖိပြီး မပိတ်ပါနဲ့။ အဲလိုပိတ်လိုက်ရင
်တီဗီကX-ray နဲ့ သံလိုက်လှိုင်းတွေ ထုတ်လွှတ်လို့ နေ့စဉ်ရက်ဆက်ဆို သင့်ကို
အိုမင်း ဆံပင်ဖြူလာစေမှာ ဖြစ်ပါတယ်။ ဒီတော့ တီဗီကို ရီမုနဲ့ ၉-ပေအကွာ
လောက်ကနေ ပိတ်တဲ့အကျင့်ကိုလုပ်ပါ။ အိမ်သားတွေကိုလဲ ပြောပြပါ။
ဦးခေါင်းနှိပ်နယ်မှုကို ခံယူနိုင်ရင် ခံယူပေးပါ။ ကျန်းမာရေးကောင်းစေမယ့် လမ်းညွှန်ချက်မှန်သမျှ တတ်နိုင်သလောက်လိုက်နာပေးပါ။
ဒီနည်းတွေလောက်ပဲ လိုက်နာနိုင်ရင်ကို ဆံပင်ဖြူခြင်းကိုကာကွယ် တိုက်ဖျက်ဖို့ တကယ်လုံလောက်ပြီဖြစ်ပါတယ်။
No comments:
Post a Comment